ဝငွေစက္ကူ ကောလာဟလ မဟုတ်မှန်ကြောင်းငြင်းဆို

  • 6 ဇန်နဝါရီ 2018
Image caption လူမှုကွန်ရက်ပေါ်မှာ ကောလာဟလ ပြန့်နှံ့နေတဲ့ ဝငွေစက္ကူ ဆိုသောပုံ

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က သူတို့ကိုယ်ပိုင်ငွေစက္ကူတွေ ထုတ်ဝေမယ်ဆိုတဲ့ သတင်းမဟုတ်မှန်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ပြင်ပဆက်ဆံရေးရုံး လားရှိုးတာဝန်ခံ ဦးညီရန်းက ငြင်းဆိုပါတယ်။

ဝပြည်က သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကိုယ်ပိုင်ငွေစက္ကူအဖြစ် ဝပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ဥက္ကဋ္ဌ ပေါက်ယူချမ်းရဲ့ရုပ်ပုံပါတဲ့ ၁၀၀ တန်နဲ့ ၅၀ တန်ငွေစက္ကူတွေ ရိုက်နှက်ထုတ်ဝေသုံးစွဲမယ်လို့ လူမှုကွန်ရက်မှာ သတင်းထွက်ပေါ်ပြောဆိုနေကြတဲ့အတွက် ဘီဘီစီက ဦးညီရန်းကို မေးမြန်းရာမှာတော့ ဒါဟာ သွေးထိုးလှုံ့ဆော်လိုတဲ့ သဘောနဲ့ တမင်လုပ်ကြံဖန်တီးတဲ့ ကောလာဟလသာဖြစ်တယ်လို့ ဆိုပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ မြန်မာအစိုးရတို့ အဆင်ပြေညီညွတ်နေတာကို မနာလိုတဲ့သူတွေက တမင် ရန်တိုက်ပေးတာလို့လည်း သူကဆိုပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။