ယာယီနေထိုင်ခွင့် နှစ်သိန်း အမေရိကန်ဖျက်သိမ်း

  • 9 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်မှာ ဆက်နေခွင့် မရတော့ရင် သိန်းနဲ့ချီတဲ့သူတွေ နေရပ်ပြန်ရတော့မယ်

အမေရိကန် အစိုးရ က အယ်ဆာဗေးဒိုး နိုင်ငံ မှ လူပေါင်း နှစ်သိန်းခန့် ကို ယာယီ အကာအကွယ်ပေးပြီး အမေရိကန် မှာ နေထိုင်ခွင့် ပြုထားခြင်း ကို လာမဲ့နှစ် ၂၀၁၉ ခု စက်တင်ဘာလ နောက်ဆုံးထားပြီး ရုပ်သိမ်းမဲ့ အကြောင်း အသိပေးကြေညာ လိုက်ပါပြီ။

ဒီကြားထဲမှာ သူတို့ အနေနဲ့ အမေရိကန် က ထွက်ခွာရင် ထွက်ခွာ ဒါမှ မဟုတ် အမြဲတန်းနေထိုင်ခွင့် ကို ခိုင်လုံတဲ့ အကြောင်းပြချက် နဲ့ လျှောက်ထားနိုင်ကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေး ဌာန က ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

အယ်ဆာဗေးဒိုး နိုင်ငံ မှာ ၂၀၀၁ ခုနှစ် က အင်အားပြင်းထန် တဲ့ ငလျင်ကြီး နှစ်ကြိမ် လှုပ်ခဲ့ တဲ့ အတွက် အမေရိကန် ပြည်ထောင်စု က အယ်ဆာဗေးဒိုးက လူတွေကို ဒုက္ခသည်တွေ အဖြစ် လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒီကြေညာချက် ထွက်ပေါ်လာခဲ့တဲ့ အတွက် တုန်လှုပ်သွားပြီး မွေးဖွားလာတဲ့ သားသမီးတွေ ရဲ့ အနာဂတ် အတွက်ပါ စိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံသားနဲ့ အိမ်ထောင်ကျနေတဲ့ အယ်ဆာဗေးဒိုး အမျိုးသမီး စီစီလီယာ မာတီနက်စ် က ပြောပါတယ်။

အထက်ပါ ယာယီ အကာအကွယ်ပေး အဆင့် ကို သတ်မှတ်ရာမှာ ပြည်တွင်းစစ်ကြောင့် ဖြစ်စေ၊ သဘာဝကပ်ဘေး ဆိုက်ရောက်တဲ့ အခါမှာ ဖြစ်စေ ပြည်ပ က လူတွေ ကို ခိုလှုံခွင့်ပြုခဲ့တာ ၁၉၉၀ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

အမေရိကန် ပြည်တွင်း လုံခြုံရေး ဌာနကတော့ အယ်ဆာဗေးဒိုး နိုင်ငံသားတွေ အနေနဲ့ သူတို့နေရင်း တိုင်းပြည်မှာ အခြေအနေဆိုးရွားမှု မရှိတော့တာကြောင့် လာမယ့် ၁၈ လအတွင်း နေရပ်ပြန်ရမယ်လို့ ပြောပါတယ်။

ယာယီနေထိုင်ခွင့်ရထားတဲ့ သူတို့နိုင်ငံသားတွေ အတွက် ခိုင်မာတဲ့ ရလဒ်တွေ ရဖို့အမေရိကန် ကွန်ဂရက်နဲ့ပူးတွဲ အဖြေရှာသွားမယ်လို့ အယ်ဆာဗေးဒိုး နိုင်ငံခြားရေး၀န်ကြီး Hugo Martinez က ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ