တနိုင်း တိုက်ပွဲကြား လူ ၂၀၀၀ ကျော် ပိတ်မိ

  • 29 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Seng Mai
Image caption အမျိုးသမီးနဲ့ ကလေး ၈၀၀ ကိုသာ သွားခွင့်ပြုခဲ့ တယ်

ကချင်ပြည်နယ် တနိုင်းမြို့နယ်က ပယင်းမှော်တွေနားမှာ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရ တပ်မတော်ရဲ့ တိုက်ပွဲတွေကြားထဲမှာ ပိတ်မိနေတဲ့ အရပ်သား ၃၄၀၀ ထဲက ၈၀ဝကိုသာ တပ်မတော်က ဒီနေရာကနေ ထွက်ဖို့ ခွင့်ပြုတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ မနက်ပိုင်းမှာတော့ ပိတ်မိနေသူ ၃၄၀ဝကို တပ်မတော်က ဒီနေရာကနေထွက်ခွာဖို့ ကူညီပေးမယ် ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမျိုးသမီးနဲ့ ကလေး ၈၀၀ ကိုသာ သွားခွင့်ပြုခဲ့ တယ်လို့ တနိုင်းမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်အမတ် ဦးဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဘာကြောင့် အားလုံးကို ခွင့်မပြုသလဲဆိုတာကို တပ်မတော်ဘက်က မပြောသလို ခွင့်ပြုတဲ့သူ ၈၀ဝကို ဘယ်ခေါ်သွားသလဲဆိုတာလည်း ရှင်းရှင်း လင်းလင်း မသိရဘူးလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်သူတွေ ၂ ဖက်တပ်တွေ အကြား ပိတ်မိနေတယ်

ကျန်နေတဲ့သူ ၂၀၀၀ ကျော်ကို နမ့်ခွမ်းဘက်ကို ပြန်ခိုင်းခဲ့သလို နမ့်ခွမ်းမှာ ရောက်နေ တဲ့ ကေအိုင်အေ တပ်ဖွဲ့တွေကလည်း ပြန်လာတဲ့သူတွေကို လက်မခံတာကြောင့် ပြည်သူတွေ ၂ ဖက်တပ်တွေ အကြား ပိတ်မိနေတယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။

အခု ပိတ်မိနေတဲ့ ပြည်သူ ၃၄၀ဝဟာ ဇွန်လက ဒီနေရာကနေထွက်ပေးဖို့ တပ်မတော်ဘက်က ကြေညာ ထားတဲ့ နေရာတွေက ရွှေ့ပြောင်း နေထိုင်တဲ့သူတွေနဲ့ ဒေသခံတွေလို့ ဆိုပါတယ်။

ပိတ်မိနေတဲ့သူ ၂၀၀၀ ကျော်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံကို တင်ပြထားတယ်လို့လည်း ဦးဇော်ဝင်းက ပြောပါတယ်။

တနိုင်းမြို့နယ် အတွင်းမှာ ကေအိုင်အေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ၂ ဖက်တပ်တွေ ရင်ဆိုင်ထိပ်တိုက်တွေ့နေတဲ့ တမိုင်လောက်အကွာ ကြားထဲမှာ ပိတ်မိနေတာ ဖြစ်ပါတယ်။