လက်မှတ်ထိုး အဖွဲ့တိုးလို့ ငြိမ်းချမ်းရေး နီးပြီလား

  • 12 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် SNLD
Image caption ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်ခြင်း ၂၉နှစ်ပြည့် အခမ်းအနား

မွန်ပြည်သစ် ပါတီ နဲ့ လားဟူဒီမိုကရက်တစ် ပါတီတို့ဟာ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ)မှာ ဖေဖော်ဝါရီ ၁၃ရက်မှာ လက်မှတ် ရေးထိုးတော့မှာ ဖြစ်ပါတယ်။

ဒါဟာ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့က အန်စီအေမှာ ပါဝင် လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။

နောက်ထပ် လက်မှတ်ထိုး အဖွဲ့တွေ တိုးလာတာနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချောမွေ့သွားပြီလို့ မဆိုနိုင်ကြောင်း ၊ အကြောင်းကတော့ လက်မှတ်မထိုးရသေးဘဲ ကျန်ရှိနေတဲ့ အဖွဲ့တွေ များနေသေးလို့ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ စိုင်းလိတ် က ပြောပါတယ်။

လက်မှတ်ထိုးထားပြီးသား အဖွဲ့တွေ အနေနဲ့လည်း လက်ရှိ အချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့နဲ့ နိုင်ငံရေး ဆွေးနွေးမှု ပုံစံ မူဘောင် ဆွေးနွေးဖို့ တောင်းဆိုနေလျက် ရှိပြီး လူထု တွေ့ဆုံပွဲတွေကို ပြီးပြတ်အောင် လုပ်နိုင်မှသာလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆီ သွားမယ်လို့ တင်းခံနေကြတော့ တိုးတက်မှုထက် အရွေ့ တခုကို ချဉ်းကပ်လာတယ်လို့သာ ပြောလိုတယ်လို့ သူက ဆိုပါတယ်။

အစိုးရ အနေနဲ့ ဖက်ဒရယ်နဲ့ ဆိုင်တဲ့ သဘောတရား မူဘောင်တွေ ချမှတ်ဖို့ လိုနေပြီး အန်အယ်လ်ဒီ အစိုးရ ကိုယ်နှိုက်က ဘယ်လို ဖက်ဒရယ် ပုံစံ တည်ဆောင်မလဲ ဆိုတာ တိတိကျကျ ပြဌာန်းထားတာ မရှိတဲ့ အပြင် အန်စီအေ မှာ ပါတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနဲ့ အညီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ် ပြောနေတဲ့ အတွက် တကယ်လို့ ဆွေးနွေးပွဲ ရလဒ် ထွက်မလာရင် ဖက်ဒရယ် ပြည်ထောင်စု မတည်ဆောက်တော့ဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ စိုင်းလိတ်က ပြောပါတယ်။

အရေးကြီးဆုံး အချက်က ရိုးသားမှု ရှိဖို့သာ ဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ ၊ နိုင်ငံရေး ခေါင်းဆောင်တွေ ၊ အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေ ကြားမှာ ပွင့်လင်း မြင်သာပြီး တန်းတူ ညီမျှမှု ရှိနိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖန်တီးနိုင်မှသာ ၇၁ နှစ်လုံး ကြိုးပမ်းလာတဲ့ လုပ်ငန်း အောင်မြင်နိုင်မယ်လို့ သူက သုံးသပ် ပြောဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ