ဒုက္ခသည်တွေ ပြန်မလာအောင် ကုလနဲ့ ဘင်္ဂလားဒေ့ရှ် ကစားလို့ မြန်မာပြော

  • 14 ဖေဖော်ဝါရီ 2018
Image caption မြန်မာနိုင်ငံဟာ ဒုက္ခသည်ပြန်လည် လက်ခံရေး ဆောင်ရွက်ရာမှာ လစ်ဟာမှုတွေ ရှိနေ

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်မလာအောင် ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ကစားနေတာလို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာအပေါ် ဖိအားပေး ပြောဆိုမှုတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်းက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံဟာ ဒုက္ခသည်ပြန်လည် လက်ခံရေး ဆောင်ရွက်ရာမှာ လစ်ဟာမှုတွေ ရှိနေဆဲလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေကို ရှင်းပြခဲ့ပါတယ်။

ဒီအပေါ် ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး မြန်မာဖက်က အဆင်သင့် ဖြစ်နေပေမယ့် ဘင်္ဂလားဒေ့ရှ်ဖက်က အဆင်သင့် မဖြစ်သေးဘူး ဆိုတာကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ ဦးဟောက်ဒိုဆွမ်းက ဘီဘီစီကို ပြောပါတယ်။

အကြမ်းဖက်မှုတွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဖို့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အခြေအနေက ပုံမှန် ပြန်ဖြစ်ပြီး အေးချမ်းငြိမ်သက်မှုရှိသလို လုံခြုံရေးကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ပြန်လည် တာဝန်ယူနေတယ်တဲ့အကြောင်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ရခိုင်ပဋိပက္ခအတွင်း မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်ကို စစ်တပ်အနေနဲ့ တာဝန်ယူရမှာ လို့လည်း နစ်ကီဟေလီက ပြောပါတယ်။

အမေရိကန်ဖက်ကတော့ ရိုဟင်ဂျာတွေကို ဆိုးဆိုးရွားရွား ပြုမှုခဲ့တာကို အသိအမှတ်ပြုဖို့ မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပိုဖိအားပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီက တောင်းဆိုပါတယ်။

ရခိုင်ပဋိပက္ခအတွင်း မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်ကို စစ်တပ်အနေနဲ့ တာဝန်ယူရမှာ လို့လည်း နစ်ကီဟေလီက ပြောပါတယ်။