အင်းဒင်သတင်း ရိုက်တာ သက်သေတင်ပြ

  • 22 ဖေဖော်ဝါရီ 2018
Image caption အင်းဒင်လူသတ်မှုသတင်းကို ရိုက်တာသက်သေတင်ပြ

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ မနေ့က ရုံးထုတ်မှာ သူတို့ရေးထားခဲ့တဲ့ အင်းဒင် လူသတ်မှု သတင်းကို လျှို့ဝှက် အက်ဥပဒေ နဲ့ ညှိစွန်းမှု မရှိဘူးလို့ ပြသတဲ့ အနေနဲ့ သက်သေ တင်ပြခဲ့ပါတယ်။

မနေ့က တင်ပြခဲ့တဲ့ သက်သေတွေအပေါ် မျှော်လင့်ချက်ထားတဲ့ အကြောင်းနဲ့ တရားလိုဘက်က စွပ်စွဲထားသလို လျှို့ဝှက်ဥပဒေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သတင်းထောက်တွေက ဆိုပါတယ်။

သတင်းထောက်တွေဟာ အစိုးရက သိပြီးသား ဖြစ်တဲ့ အင်းဒင်သတင်းကို စုံစမ်းဖော်ထုတ်ခဲ့တာ ဖြစ်ပြီး တရားဥပဒေစိုးမိုးဖို့အတွက် ကူညီခဲ့တာဖြစ်တယ်လို့ သူတို့ ရှေ့နေ ကိုသန်းဇော်အောင်က ဘီဘီစီကို ပြောပါတယ်။

အင်းဒင်လူသတ်မှု သတင်းဟာ အရင်က ရေးသားဖော်ထုတ်ခဲ့တဲ့ သတင်းတပုဒ်ဖြစ်ပြီး လူသတ်မှုမှာ ပါဝင်သူ တချို့ကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်ဖူးတဲ့ အတွက် မကြာသေးခင်က သက်သေအထောက်အထား ဓါတ်ပုံနဲ့ တကွ ရေးသားဖော်ထုတ်ခဲ့တဲ့ ရိုက်တာ သတင်းဌာနကိုတော့ အထွေ အထူး တုံ့ပြန်စရာ မရှိဘူးလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရိုက်တာသတင်းဌာနကလည်း သူတို့သတင်းထောက်တွေဟာ သတင်းထောက် အလုပ်သာ လုပ်တာဖြစ်ပြီး အပြစ်မရှိတဲ့အတွက် သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ရိုက်တာသတင်းထောက် နှစ်ယောက်ကို ၂၀၁၇ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို ရဲ နှစ်ယောက်က ပေးလိုက်တဲ့ စာရွက်စာတမ်းတွေနဲ့ အတူ ဖမ်းဆီးခဲ့လို့ နိုင်ငံတော် လျှို့ဝှက်စာရွက် စာတမ်း လက်ဝယ်တွေ့ရှိမှုနဲ့ တရားလိုဘက်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ပြစ်မှု ထင်ရှားမယ် ဆိုရင်တော့ ထောင်ဒဏ် ၁၄နှစ်အထိ ကျနိုင်ပါတယ်။