လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ၄ ဦးနုတ်ထွက်

  • 6 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption စက်တင်ဘာလ ၂၁ ရက်နေ့က လူ့အခွင့်အရေး ကော်မရှင်က သတင်းစာရှင်းလင်းခဲ့

မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေး ကော်မရှင် အဖွဲ့ဝင် လေး ဦးကို နိုင်ငံတော်သမ္မတ ကနုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။

အိမ်အကူ အမျိုးသမီးငယ် နှစ်ယောက်ကို ၅ နှစ်နီးပါး ညှဉ်းပန်း နှိပ်စက်ခဲ့တဲ့ အင်းဝ အထည်ချုပ်ဆိုင်က တာဝန်ရှိသူတွေကို တရား ဥပဒေအရ အရေးယူနိုင်အောင် ဆောင်ရွက်ခြင်း မရှိဘဲ ကြေအေးပေးဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ လူအခွင့်အရေး ကော်မရှင်က တာဝန်ရှိသူ တွေကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ပြည်သူ့လွှတ်တော်က အရေးကြီးအဆို တင်ခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတော် သမ္မတက လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါက်တာ ဒေါ်သန်းနွဲ့နဲ့ ဒေါ်မြမြတို့ကို သူတို့ရဲ့ သဘောဆန္ဒ အလျောက် ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်ပြီလို့ အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

အဆိုကို ထောက်ခံ ဆွေးနွေးခဲ့သူ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာကတော့ လူ့အခွင့်အရေး ကော်မရှင်ဟာ ဥပဒေနဲ့ တရားရေး မဏ္ဍိုင်ကို ကျော်လွန် လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်းနဲ့ အခု အခု နုတ်ထွက်တာဟာ ပြည်ထောင်စု အစိုးရက အရေးယူတာလား ဒါမှ မဟုတ် ကိုယ့်အပြစ်ကို ကိုယ်သိလို့ နုတ်ထွက်တာလား ဆိုတာ ကွဲကွဲပြားပြား မရှိဘူးလို့ ပြောပါတယ်။

လူအခွင့်အရေး ကော်မရှင်က တာဝန်ရှိသူ တွေကို အရေးယူပေးဖို့ အဆိုကို လွှတ်တော်မှာ အတည်ပြုပြီးဖြစ်လို့ ဘယ်လို အရေးယူမယ်၊ ဘယ်လို ပုံစံနဲ့ အရေးယူမယ်ဆိုတာ စောင့်ကြည့်နေတယ်လို့လည်း သူက ပြောပါတယ်။

လွှတ်တော်ဖက်ကလူတွေလိုပဲ လူ့အခွင့်အရေးလှုပ်ရှား သူတွေကလည်း အားရကျေနပ်မှု မရှိဘူးလို ပြောနေကြပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ယောက် ဖြစ်တဲ့ ညီမျှခြင်း မြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ရာထူးက နုတ်ထွက်တယ် ဆိုရုံနဲ့ ပြည်သူလူထုကလည်း ကျေနပ်မှာ မဟုတ်သလို သူတို့ အနေနဲ့ ကလည်း ရှိပြီးသား ရာဇဝတ်မှု ဥပဒေတွေ အရ အရေးယူစေချင်တယ်လို့ ပြောပါတယ်။

အကြောင်းကတော့ အခု ဖြစ်ခဲ့တဲ့ ကိစ္စမှာ သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ တာဝန်ဝတ္တရား ပိုင်းဆိုင်ရာ အားနည်းမှု၊ တာဝန်ယူမှု တာဝန်ခံမှု ပိုင်းမှာ အားနည်းမှုတို့ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး ကော်မရှင် ဆိုင်ရာ ဥပဒေပြဌာန်းချက်မှာ ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ သဘောရိုးနဲ့ ဆောင်ရွက်ခဲ့တာတွေကို အရေးယူလို့ မရဘူးလို့ ကာကွယ်ပေးထားတာလည်း ရှိနေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

လူအခွင့်အရေးကော်မရှင်က လွှတ်တော်မှာ လာရောက်ဖြေကြားခဲ့တုန်းကလည်း ကြေအေးဖို့ သူတို့ ကြားဝင်ဆောင်ရွက်ပေးခဲ့တာဟာ သဘောရိုးနဲ့ လုပ်ဆောင် ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။က်