နာဂဒေသ နန်းယွင်းနယ်ထဲ အမည် မတပ်နိုင် သေးတဲ့ ရောဂါ တမျိုး ဖြစ်နေပြန်

  • 6 အောက်တိုဘာ 2016
Image caption နာဂဒေသမှာ ကျန်းမာရေး စောင့်ရှောက်မှု နည်းပါး။

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်းယွင်း မြို့နယ်ထဲက ရွာ တစ်ရွာမှာ ကိုယ်ပူ ချောင်းဆိုး ရောဂါ ဝေဒနာကို လူတွေ ရာနဲ့ချီပြီး အစုလိုက် အပြုံလိုက် ခံစားနေရပါတယ်။

တတ်ကား ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တာဘာ လလယ်လောက် ကတည်းက စတင် ဖြစ်ပေါ် ခဲ့တာ ဖြစ်ပြီး၊ အဲဒီ့ ရောဂါကြောင့် ကလေးငယ် နှစ်ဦး သေဆုံး သွားခဲ့ရတယ်လို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကိုင်း တိုင်း ဒေသကြီး အာဏာပိုင်တွေက ဆရာဝန်နဲ့ သူနာပြုတွေ စေလွှတ်ပြီး ပြုစု ကုသ နေတယ်လို့ ဆိုပေမယ့် ဘာရောဂါ ဖြစ်တာလည်း ဆိုတာ အမည် မတပ်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းကလည်း နာဂ ဒေသထဲမှာ ဝက်သက်ရောဂါ ကူးစက် ပြန့်ပွား ခဲ့တဲ့ အတွက် လူ အယောက် ၄ဝ ကျော် သေဆုံး ခဲ့ရပါတယ်။

နာဂဒေသမှာ သွားရေးလာရေး ခက်ခဲပြီး ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးတဲ့ အတွက် ကူးစက်ရောဂါ တမျိုးမျိုး ဖြစ်ပေါ် လာရင် လူ သေဆုံးတဲ့ အထိ ဖြစ်ပြီးမှ ရောဂါ နာမည် တပ်တာ၊ ကုသတာတွေ လုပ်ပေး ရတဲ့ အခြေအနေမျိုး ရှိနေပါတယ်။