အစိုးရ တပ်နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့ကို ကေအဲန်ယူအောက် ပြန်ဝင်ဖို့ တိုက်တွန်း

  • 6 အောက်တိုဘာ 2016
Image caption နယ်ခြားစောင့်တပ်နဲ့ အစိုးရတပ် ပေါင်းပြီး ဒီကေဘီအေ ခွဲထွက် အဖွဲ့ကို တိုက်ခိုက်

ကရင်အမျိုးသား အစည်းအရုံး ကေအဲန်ယူ က ဒီကေဘီအေ ခွဲထွက် အဖွဲ့ အနေနဲ့ ကေအဲန်ယူရဲ့ ဦးဆောင်မှု အောက် ပြန်လည် ဝင်ရောက်ပါ ဆိုပြီး ကြေညာချက် တစ်စောင် ထုတ်ပြန် လာပါတယ်။

မဲသဝေါ ဒေသမှာ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ဗိုလ်မှူးစောဆန်းအောင် အဖွဲ့ကို အဓိက ရည်ရွယ်ပြီး ထုတ်ပြန်တာ ဖြစ်တယ်လို့ ကေအဲန်ယူ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ဖဒို မန်းမန်း က ဘီဘီစီကို ပြောပါတယ်။

ကေအဲန်ယူနဲ့ တစည်းတလုံးထဲ ပြန်ဖြစ်သွားရင် အစိုးရတပ်ရဲ့ ထိုးစစ်ကိုလည်း ရှောင်နိုင် လိမ့်မယ်လို့ ဖဒို မန်းမန်း က ဆိုပါတယ်။

နယ်ခြားစောင့်တပ် အသွင် ပြောင်းထားတဲ့ အစုအဖွဲ့နဲ့ အစိုးရ စစ်တပ်တို့ ပူးပေါင်း ထားတဲ့ တပ်တွေနဲ့ ဗိုလ်မှူးစောဆန်းအောင် ဦးဆောင်တဲ့ ဒီကေဘီအေ ခွဲထွက် အကြား တိုက်ပွဲတွေ ဖြစ်ပေါ် နေတဲ့ အချိန်ကာလ မျိုးမှာ ကေအဲန်ယူ ဘက်က အခုလို ပြောဆို လာတာ ဖြစ်ပါတယ်။

ကရင့် လက်နက်ကိုင် အဖွဲတွေ အားလုံး ပြန်လည် ပူးပေါင်းဖို့ အပါအဝင်၊ လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ကေအဲန်ယူ ဦးဆောင်မှုအောက် တစုတစည်းထဲ ပါဝင်နိုင်ဖို့နဲ့ လတ်တလော ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ အခုလို ကြေညာရတာ ဖြစ်တယ် ဆိုပြီး ဖဒို မန်းမန်း က ပြောပါတယ်။

ဗိုလ်မှူးစောဆန်းအောင် အဖွဲ့ဟာ ဒီမိုကရက်တစ် ကရင် အကျိုးပြု တပ်မတော် ဒီကေဘီအေ အဖွဲ့နဲ့လည်း မပတ်သက် တော့တဲ့ သီးခြား ခွဲထွက် အဖွဲ့ အနေနဲ့ ရပ်တည် နေတာ ဖြစ်ပါတယ်။