ကန်ထရိုက်ဆရာတွေ ခန့်မှုကို ကန့်ကွက်

  • 7 အောက်တိုဘာ 2016
Image caption ကလေးတွေ အနာဂတ်ကောင်းဖို့ အတွက်အရည်အချင်းပြည့်တဲ့ ဆရာတွေ လိုအပ်

မြန်မာ နိုင်ငံက အခြေခံ ပညာ စာသင်ကျောင်းတွေမှာ ဆရာ ဆရာမ တွေကို ကန်ထရိုက် စနစ်နဲ့ ခေါ်ယူ ခန့်အပ်မယ် ဆိုတဲ့ ပညာရေး ဝန်ကြီးရဲ့ အစီအစဉ်ကို ကန့်ကွက်မှုတွေ ရှိနေပါတယ်။

လက်ရှိ တာ၀န်ထမ်းဆောင်နေတဲ့ ဆရာ ဆရာမတွေ ၊ ပညာရေး တက္ကသိုလ် နဲ့ ကောလိပ်က ဝန်ထမ်းတွေ၊ ကျောင်းသားတွေ အပြင် ဆရာလောင်း တွေကပါ ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

အထက်တန်းကျောင်း တွေမှာ လိုအပ်နေတဲ့ ဆရာ ဆရာမ နှစ်ထောင်ကျော် နေရာမှာ ဘွဲ့ရတွေကို ကန်ထရိုက်စနစ်နှင့် ခန့်ထားဖို့ အခု အောက်တိုဘာလ ကစပြီး စီစဉ်ဆောင်ရွက် နေကြောင်း ပညာရေး ဝန်ကြီးက အောက်တိုဘာလ ၃ ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ ရှင်းလင်း ပြောခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် မြန်မာ နိုင်ငံက အခြေခံ ပညာသင်ကျောင်း ၃၁၉ ကျောင်း အတွက် လိုအပ်နေတဲ့ ဆရာဆရာမ ၂၂၃၃ နေရာ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ကန့်ကွက်သူတွေ ဖက်ကတော့ ကန်ထရိုက်စနစ်နဲ့ ခန့်မယ် ဆိုတာကို လက်မခံတာ မဟုတ်ဘဲ အခြေခံပညာရေးနဲ့ ပတ်သက်တဲ့ စီမံကိန်း တခုခုကို လုပ်ဆောင်ရာမှာ ပညာရေး ဝန်ကြီးဌာန အနေနဲ့ တိကျတဲ့ မူဝါဒ ချမှတ် ဆောင်ရွက်မှု မရှိတဲ့ အချက်နဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ လေ့ကျင့် သင်ကြားပေးမှု မရှိဘဲ ကန်ထရိုက်စနစ်နဲ့ ခန့်ထားသူတွေ အနေနဲ့ ဆရာဆရာမ အရည်အချင်း မပြည့်မီမှာကိုလည်း စိုးရိမ်တာလို့ အစိမ်းရောင် ဖဲကြိုး လှုပ်ရှားမှုကို ဦးဆောင်တဲ့ ကိုချမ်းငြိမ်းကိုက ဘီဘီစီကို ပြောပါတယ်။

အနာဂတ် ဆရာတွေကို လေ့ကျင့် ပျိုးထောင်ပေးနေတဲ့ ပညာရေး တက္ကသိုလ်မှာ ပညာသင်ကြားရေး အရည်အချင်း ပြည့်ဝအောင် လေ့ကျင့် သင်ကြားပေးနေ ပေမဲ့ တဘက်မှာတော့ ပညာသင်ကြားပေးဖို့ အရည်အချင်းမီတဲ့ အထောက်အထား လက်မှတ် မရှိသူတွေကို ပညာရေးလောကထဲ ထည့်ဖို့ စီစဉ်တာဟာ ကလေးတွေရဲ့ အနာဂတ်အတွက် ရင်လေးစရာကောင်းတယ်လို့ ကိုချမ်းငြိမ်းကိုက ပြောပါတယ်။