အောင်လ အန်ဆန် မြန်မာ့မြေမှာ ဒုတိယ အကြိမ် အနိုင်ရ

  • 7 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် One Championship
Image caption အောင်လ အန် ဆန် ရဲ့ မြန်မာ နိုင်ငံမှာ ဒုတိယ အကြိမ်မြောက် ထိုးသတ် တဲ့ ပွဲလည်း ဖြစ်

အောက်တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံမှာ ကျင်းပတဲ့ One Championship MMA ကိုယ်ခံပညာ ပေါင်းစုံ ပြိုင်ပွဲမှာ မြန်မာ့ စပါးကြီး မြွေ လို့ နာမည် ကြီးတဲ့ အောင်လ အန် ဆန် အနိုင် ရရှိခဲ့ပါတယ်။

ကချင်လူမျိုး အောင်လ အန် ဆန် နဲ့ ပိုလန် နိုင်ငံသား Michal Pasternak မိုင်ကယ် ပက်စတာနက်ခ် တို့ ယှဉ်ပြိုင် ထိုးသတ် ခဲ့ရာမှာ အောင်လ အန် ဆန် က အမှတ် နဲ့ အနိုင် ရရှိ ခဲ့တာ ဖြစ်ပါတယ်။

အောင်လ အန် ဆန် ရဲ့ မြန်မာ နိုင်ငံမှာ ဒုတိယ အကြိမ်မြောက် ထိုးသတ် တဲ့ ပွဲလည်း ဖြစ်ပါတယ်။

အခုလို မြန်မာ ပြည်မှာ လာကစားတဲ့ ပွဲ ကို အနိုင် ရရှိ ခဲ့တဲ့ အတွက် အတိုင်း မသိ ဝမ်းသာ မိတယ်လို့ အောင်လ အန် ဆန် က ဘီဘီစီ ကို ပြောပါတယ်။

ဒိုင်လူကြီး သုံးယောက် စလုံး က အောင်လ အန် ဆန် ကို တညီတညွှတ်တည်း အနိုင် ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပိုလန် နိုင်ငံသား မိုင်ကယ် ပက်စတာနက်ခ် က ကြံ့ခိုင် သန်စွမ်းပြီး မာကျော တဲ့ ပြိုင်ဘက် ဖြစ်တဲ့ အတွက် သုံးချီ ပြည့်တဲ့ အထိ ခက်ခက်ခဲခဲ ကစားပြီး အနိုင်ယူ ခဲ့ရတယ်လို့ အောင်လ က ပြောပါတယ်။

တစ်ရက်မှာ နှစ်ကြိမ် ထက် မနည်း အလေးမ၊ လက်ဝှေ့နံ့ ဂျူဂျစ်စု လို့ ခေါ်တဲ့ ကိုယ်ခံ ပညာတွေကို လေ့ကျင့်ပြီး အခုပွဲ အတွက် ပြင်ဆင် ထားခဲ့ပါတယ်။

အရင် အီဂျစ် နိုင်ငံသား မိုဟာမက် အလီ ကို အနိုင်ယူ ခဲ့တဲ့ ပွဲထက် အခု ပွဲ က ပိုခက်ခဲ တယ်လို့ ပြောပါတယ်။

အခု ပွဲ အနိုင် ရရှိခဲ့တဲ့ အတွက် ကြောင့် ရွှေခါးပတ် ပွဲ ကစားဖို့ ပိုမိုနီးစပ် လာခဲ့တယ်လို့ ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာ One championship ပွဲ အတွက် တစ်ပွဲ ထက် ကစားဖို့ ရှိသေးတယ်လို့ အောင်လ အန် ဆန် က ပြောပါတယ်။

ရွှေခါးပတ် ချန်ပီယံ ဖြစ်ဖို့ အတွက် နောက်ထပ် တစ်ပွဲ ဒါမှမဟုတ် နှစ်ပွဲ လောက် ထပ်မံ ယှဉ်ပြိုင် ထိုးသတ် ရဦးမယ်လို့ ဆိုပါတယ်။

မြန်မာ ပရိသတ် ရှေ့မှောက်မှာ ယှဉ်ပြိုင် ရတဲ့ အတွက် ရှုံးလို့ မဖြစ်ဘူး ဆိုတဲ့ စိတ်ထား ပြီး ယှဉ်ပြိုင် ခဲ့တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ မဖြစ်အောင် အားလုံး ပူးပေါင်း ဆောင်ရွက် ကြဖို့ အောင်လ အန် ဆန် က ပွဲအပြီးမှာ ပြောကြား ခဲ့ပါတယ်။

မြန်မာ ပြည်က တိုင်းရင်းသားတွေ အားလုံး စုပေါင်း လုပ်ဆောင်ရင် ငြိမ်းချမ်းရေး ရရှိမယ်လို့လည်း သူက ပြောကြား ခဲ့ပါတယ်။