တပ်မတော် ထိုးစစ်တွေ အပေါ် UNFC ရှုတ်ချ

  • 8 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် UNFC
Image caption ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ထုတ်ပြန်ကြေညာချက်

ကချင် ၊ ကရင် နဲ့ ရှမ်းပြည်နယ်တွေမှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေနဲ့ ပတ်သက်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသား နယ်မြေတွေ အတွင်းမှာ မြန်မာ့ တပ်မတော်ရဲ့ ထိုးစစ် တိုက်ပွဲတွေကြောင့် အပြစ်မဲ့ ဒေသခံ တွေ ထိခိုက် ပျက်ဆီးဆုံးရှုံး ရတဲ့ အပေါ် UNFC က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တပ်မတော်က ထိုးစစ်ဆင်နေတာကို ကချင် ပြည်သူတွေက ရပ်ပေးဖို့ တောင်းဆို နေသလို အခုဆိုရင် ဒုက္ခသည်တွေ အများကြီး ဖြစ်နေပြီး ဒါဟာ အခုလို ၂၁ ပင်လုံ ညီလာခံ ကျင်းပထား ခါစ ကာလမှာ ငြိမ်းချမ်းရေးကို မထိခိုက် စေချင်သလို ပဋိပက္ခတွေကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းစေလိုတဲ့ အတွက် ဆန္ဒပေးတာပါလို့ UNFC ဒု ဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

အခုအခါ အန်အယ်လ်ဒီ အစိုးရက ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ခဲ့ပြီး ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ တပ်မတော်က တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်နေတာဟာ ဒါကို အားမပေး မလိုလားတဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ တိုက်ပွဲတွေ ဖြစ်နေတာဟာ တဖက်နဲ့ တဖက် ယုံကြည်မှုကို အများကြီး လျော့ကျစေနိုင်ပြီး မလိုလား အပ်တဲ့ အနေထားတွေ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

ထိုးစစ်တွေ ဆက်လက် ဆင်နွှဲနေမယ် ဆိုရင် ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဆိုတာလည်း အဓိပ္ပါယ် မရှိ ဖြစ်နေလိမ့်မယ်လို့ သူက ပြောပါတယ်။

UNFC အနေနဲ့ တပ်မတော်ရဲ့ ထိုးစစ်တွေကို ပြန်လည် သုံးသပ်ပြီး ပျော့ပျော့ပြောင်းပြောင်းနဲ့ ကိုင်တွယ်လို့ ရမလား မရရင်တော့ တမျိုး စဉ်းစားရလိမ့်မယ်လို့ နိုင်ဟံသာက ဆိုပါတယ်။

တချိန်တည်းမှာ ကေအိုင်အို ကလည်း ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပြီး လက်ရှိ အစိုးရက နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် သွားနေချိန်မှာ မြန်မာ့ တပ်မတော်က စစ်ရေးနည်းဖြင့် မဟာဗျူဟာ ကျတဲ့ စစ်စခန်းတွေကို မရမနေ အင်အားသုံး ထိုးစစ်ဆင်နေတာဟာ စစ်မှန်သော ငြိမ်ချမ်းရေး ဖြစ်စဉ် ပေါ်ထွန်းေရးကို ဖျက်ဆီးနေတာသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။