ရခိုင်မှာ အစိုးရ တပ်တွေက မွတ်ဆလင် ရွာတွေကို ပိတ်ဆို့ ရှာဖွေ

  • 10 အောက်တိုဘာ 2016
Image caption စစ်ရဟတ်ယာဉ်တွေ သုံးပြီး နယ်မြေ ရှင်းလင်း

ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင် မြိုနယ်တွေထဲက နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီး လက်နက်တိုက် အဖောက် ခံခဲရတဲ့ အတွက် အစိုးရ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ တွေ ဟာ နယ်မြေ ရှင်းလင်းရေးတွေ တနင်္လာနေ့က လုပ်ဆောင် ခဲ့တာမှာ မွတ်ဆလင် ရွာတွေ တော်တော်များများကို ပိတ်ဆို့ ရှာဖွေ ခဲ့ ပါတယ်။

မောင်တော မြိုနယ် ထဲက မြို့သူကြီး ဆိုတဲ့ ရွာအနီး မှာတော့ အစိုးရ လုံခြုံရေး အဖွဲ့တွေကို လူ အယောက် ၂ဝ လောက်က လုပ်သေနတ် အပါအဝင် တုတ်၊ ဓား လက်နက် တွေ ကိုင်ပြီး တိုက်ခိုက် လာလို့ ပစ်ခတ် ခဲ့တာမှာ အလောင်း ၄ လောင်း ကျန်ရစ် ခဲ့တယ် ဆိုပြီး အစိုးရပိုင် သတင်းစာမှာ ဖော်ပြ ထားပါတယ်။

တနင်္ဂနွေနေ့ ငါးခူရ စခန်း စီးနင်း ခံခဲ့ ရမှု အတွင်း ပျောက်ဆုံး နေတဲ့ ရဲ အမှုထမ်း တစ်ယောက်ကို ထိခိုက် ဒဏ်ရာ မရှိ ပြန်တွေ့ ခဲ့တယ်လို့ လည်း ဆိုပါတယ်။

မောင်တောနဲ့ ပတ်ဝန်းကျင် နယ်မြေတွေမှာ လုံခြုံရေး အထူး တိုးမြှင့် တင်းကြပ် ထားတယ်လို့ ဒေသခံ လွှတ်တော် အမတ် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း မြန်မာဘက်က ကူးဝင် မလာ နိုင်အောင် သူတို့ နယ်စပ်မှာ လုံခြုံရေး တင်းကြပ် ထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၁ ရက် အင်္ဂါနေ့မှာတော့ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်တဲ့ အစိုးရ အဆင့်မြင့် အရာရှိတွေ ပါဝင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ၄ ရက်ကြာ သွားရောက်မယ်လို့ သိရပါတယ်။

အဲဒီ့ အစိုးရ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ဟာ ရခိုင် ပြည်နယ်က ရပ်မိရပ်ဖတွေ၊ အစိုးရ ဝန်ထမ်းနဲ့ မိသားစု တွေကို ဖြစ်ပေါ် နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား သွားမှာ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန် ထားပါတယ်။

တနင်္ဂနွေနေ့ က တိုက်ခိုက်မှုတွေ အတွင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင် ကိုးဦး နဲ့ တိုက်ခိုက်လာသူ အနည်းဆုံး ၁ဝ ဦး သေဆုံးခဲ့ပါတယ်။