မြင်းခြံမှာ ထောင်သား နှစ်ထောင်ကျော် ဆန္ဒပြ

  • 11 အောက်တိုဘာ 2016
Image caption ထောင်သား ၂၀၀၀ကျော် ဆန္ဒပြ

မန္တလေးတိုင်း မြင်းခြံထောင်က အကျဉ်းသားတွေဟာ ထောင်ပိုင်အလိုမရှိ ဆိုပြီး ထောင်တွင်းမှာ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ထောင်စည်းကမ်းတွေ ကလည်း တင်းကျပ်လွန်းတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထောင်ပိုင်အသစ် ပြောင်းပေးဖို့ ထောင်သား ၂ဝဝဝ ကျော်က ဆန္ဒပြခဲ့ကြတာပါ။

မြင်းခြံထောင်မှာ ထောင်ပိုင်အသစ် ပြောင်းလဲပြီးတဲ့နောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှု လျော့ ကျလာပြီး အစားအသောက် ကလည်း ပိုပြီး ဆိုးရွားလာတယ် ဆိုပါတယ်။ ထောင်ထဲမှာ ညှဉ်းပန်း နှိပ်စက်မှုတွေလည်း ရှိနေတယ်လို့ အကျဉ်းသားတွေက ဆိုပါတယ်။

အာဟာရ မပြည့်စုံသလို ကျန်းမာရေး စောင့်ရှောက်မှု မကောင်းတာ တွေကြောင့် အကျဉ်းသားတွေ သေဆုံးတဲ့ အထိဖြစ်ခဲ့တယ်လို့ အကျဉ်းသား တယောက်က ဘီဘီစီကို ပြောပါတယ်။

နံနက်၁၁ နာရီလောက်မှာတော့ မြို့နယ်အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့မှူးတွေ၊ လွှတ်တော်အမတ်တွေ ပါတဲ့အဖွဲ့က ထောင်ပိုင်နဲ့ အကျဉ်းသားတွေကို ဝင်ရောက် ညှိနိုင်းခဲ့ပါတယ်။

ထောင်တွင်း ဝင်ကြည့်ခဲ့တဲ့ မြင်းခြံမြို့နယ်က NLD ပါတီရဲ့ မဲဆန္ဒနယ် အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က ဝင်ရောက် ညှိနှိုင်းတဲ့အခါမှာ ပြေလည်မှု ရရှိသွားတယ်လို့ ဆိုပါတယ်။

အသစ်ရောက်လာတဲ့ ထောင်ပိုင် ကလည်း လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ခဲ့တယ်လို့ သူက ပြောပါတယ်။

လုံခြုံရေး ဂရုစိုက်သင့်တာ မှန်ပေမယ့် အကျဉ်းသားတွေ ဘက်ကလည်း အစိုးရ သတ်မှတ် ပေးထားတဲ့ အကျဉ်းသား တယောက် ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ အပြည့်အဝရဖို့ လိုလားနေကြပါတယ်။

ထောင်ရှေ့ သွားကြည့်ခဲ့တဲ့ မြို့ခံတွေတော့ ကထောင်ထဲက အော်ဟစ်သံတွေ ကြားရကြောင်း ပြောပါတယ်။

မြင်းခြံထောင်ရဲ့ ထောင်ပိုင်ကြီးကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေမပေးလို့ ထောင်ဘက်က တုံ့ပြန်မှုတော့ မရခဲ့ပါဘူး။