လမ်းမတော် အမှိုက်ပုံမှာ ကျည်ဆန်တွေ လာပစ်

  • 12 အောက်တိုဘာ 2016
Image caption ရန်ကုန်မြို့လယ်တစ်နေရာ

လမ်းမတော်မြို့နယ်က အမှိုက်ပုံမှာ အောက်တိုဘာလ ၁၂ ရက်နေ့က သေနတ် ကျည်ဆန်၂၀၀ ကျော် လာရောက် လွှင့်ပစ်သူတွေကို ရဲတွေက စုံစမ်း စစ်ဆေး နေပါတယ်။

လာပစ်သူတွေက ဒဂုံမြို့နယ် ယောမင်းကြီး ရပ်ကွက်မှာ နေထိုင်တဲ့ ကိုနေဝင်းနိုင်နဲ့ ကိုသူရ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ဖြစ်တယ်လို့ လမ်းမတော် ရဲစခန်းက ဘီဘီစီကိုပြောပါတယ်။

လမ်းမတော်မြို့နယ် အမှတ် ၃ ရပ်ကွက် အနော်ရထာလမ်း ၇ လမ်းနဲ့ ၈ လမ်းကြား က အမှိုက်ပုံကို လာပစ်တဲ့ ခြစားနေတဲ့ သေတ္တာ အဟောင်းကို စည်ပင်သာယာ သန့်ရှင်းရေး ဝန်ထမ်းက ဖွင့်ကြည့်ရာမှာ ထဲမှာ သေနတ် ကျည်ဆန် တွေကို တွေ့ခဲ့တာလို့ ဒီအမှုကို စုံစမ်း စစ်ဆေးနေတဲ့ လမ်းမတော် မြို့နယ် ရဲစခန်းက ဒုရဲအုပ် ဦးစန်းကိုကိုက ဘီဘီစီကို ပြောပါတယ်။

၉ မမ ပစ္စတို သုံး ကျည်ဆန် ၂၄၂ တောင့် ပါတဲ့ ထင်းရှူး သေတ္တာ ကို စည်ပင်သာယာဌာနက အမှိုက်သိမ်း ဝန်ထမ်းက တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြား ခဲ့တာလို့လည်း သူက ပြောပါတယ်။

လာပစ်သူ အမျိုးသား နှစ်ယောက်ကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး လက်နက်ဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်တဲ့ ကန့်သတ် ပစ္စည်းတွေကို လက်ဝယ်ထားရှိမှု ပုဒ်မ ၁၉ ခ နဲ့ လမ်းမတော် ရဲစခန်းက အမှုဖွင့်အရေးယူထားပြီး မေးမြန်း စစ်ဆေးနေတယ်လို့လည်း ဒုရဲအုပ် ဦးစန်းကိုကိုက ပြောပါတယ်။