မောင်တောမှာ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ မြို့ပေါ်ထွက်ပြေး

  • 12 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မောင်တောနယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ နီးတဲ့ ဝက်သိုက် ကျေးရွာနားမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်

ရခိုင်ပြည်နယ် မောင်တောဘက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ နီးတဲ့ ဝက်သိုက်ကျေးရွာနားမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့သလို အလယ်သံကျော် ရွာနားမှာလည်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ မောင်တော ဒေသခံ သတင်းထောက် ဦးမောင်ကံက ဘီဘီစီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ပတ်ဝန်းကျင်ဒေသက ဒေသခံ ရခိုင်တိုင်းရင်းသားတွေဟာ ကြောက်လန့်ပြီး သူတို့နေထိုင်ရာ ကျေးရွာတွေကနေ လုံခြုံတဲ့ နေရာကို ထွက်ပြေးနေကြပါတယ်။

မောင်တောတောင်ပိုင်းက သရေကုန်းဘောင်ရွာနဲ့ ကိုင်းကြီးရွာက ထွက်ပြေးကြတဲ့ ဒေသခံတွေ စုစုပေါင်း ၂၀ဝနီးပါး ရှိတယ်လို့ သရေကုန်းဘောင်က ထွက်ပြေးလာတဲ့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာ့တပ်မတော်က ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ သင်္ကာမကင်းတဲ့ရွာတွေမှာ ရှင်းလင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် မူဆလင်ရွာကြီးတချို့မှာ ပြန်လည် တိုက်ခိုက်မှုတွေ ရှိတဲ့အတွက် ရွာထဲဝင်ဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေလည်း မောင်တောမြို့ကို ရောက်ရှိလာပြီး လုံခြုံရေးအခြေအနေ စိုးရိမ်မှုရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံကာ ဆောင်ရွက်မယ့် အခြေအနေတွေကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်နေသလဲဆိုတာ မရှင်းလင်းသေးသရွေ့ အထောက်အထား မခိုင်လုံသေးပဲ ဘယ်သူ့ကိုမှ စွဲချက်တင်မှာ မဟုတ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

တရားဥပဒေရဲ့ စိုးမိုးမှုအောက်မှာ မျှမျှတတ ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။

နေပြည်တော်မှာ ရောက်ရှိနေတဲ့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ သတင်းထောက် တယောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ