ဘဏ္ဍာနှစ် ပထမ ခြောက်လ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထက်ဝက် ကျဆင်း

  • 12 အောက်တိုဘာ 2016
Image caption ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကဏ္ဍမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကျဆင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် ဧပြီလက စတင်ခဲ့တဲ့ လက်ရှိ ဘဏ္ဍာနှစ် ပထမ ၆ လ တာ ကလ အတွင်းမှာ ဝင်ရောက်လာတဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပမာဏဟာ အရင် ဘဏ္ဍာနှစ် ပထမ ၆ လ နဲ့ နှိုင်းယှဉ်ရင် သိသိသာသာ လျော့နည်း နေပါတယ်။

အရင် ဘဏ္ဍာနှစ် ပထမ ၆ လ အတွင်း ဒေါ်လာ ၃ ဘီလီယံ ဝင်ရောက် ခဲ့ပေမယ့် အခု အချိန်မှာတော့ ၁.၄ ဘီလီယံ ဝန်းကျင်ပဲ ရှိသေးတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန က ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောပါတယ်။

အစိုးရ အပြောင်းအလဲ ဖြစ်တဲ့ အချိန်နဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အပြောင်းအလဲ ရှိလာတဲ့ ကာလ တိုက်ဆိုင်ပြီး လျော့နည်းသွားတာ ဖြစ်နိုင်တယ်လို့ ဦးသန်းအောင်ကျော် က ဆိုပါတယ်။

ဥပဒေသစ် မှာ အစိုးရက ဦးစားပေးပြီး အခွန် လျှော့ပေါ့ပေးတဲ့ လုပ်ငန်း အမျိုးစားတွေ ပါဝင် တာကြောင့် ဒီ ဥပဒေ သစ် ထွက်လာဖို့ နဲ့ လိုအပ်တဲ့ နည်းဥပဒေတွ ရှိလာဖို့ လုပ်ငန်းရှင် တွေ စောင့် ကြည့် နေကြပုံ ရတယ်လို့ ဦးသန်းအောင်ကျော် က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကဏ္ဍမှာ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ပမာဏ များများ ဝင်ရောက် ရင်းနှီး မြှုပ်နှံ ခဲ့ကြ ပေမယ့် အခု ဘဏ္ဍာနှစ်မှာတော့ ကုန်ထုတ်လုပ်မှု အပိုင်းမှာသာ အဓိက လာရောက် ရင်းနှီး မြှုပ်နှံ နေကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်က မြန်မာ နိုင်ငံ အပေါ် ထားရှိတဲ့ စီးပွားရေး ကန့်သတ်မှုတွေကို ဖယ်ရှာ ပေးလိုက်ပြီ ဖြစ်တဲ့ အတွက် အမေရိကန်ရဲ့ တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက် လာဖို့ မျှော်လင့် ရသလို အမေရိကန်ကို ကုန်ပစ္စည်းတွေ တင်ပို့မယ့် နိုင်ငံတွေ က မြန်မာ နိုင်ငံထဲ လာရောက်ပြီး ကုန်ပစ္စည်း ထုတ်လုပ် လာနိုင်တယ် လို့ ခန်းမှန်းရကြောင်း ဦးသန်းအောင်ကျော် က ပြောပါတယ်။

ဒါပေမယ့် အခု ဘဏ္ဍာနှစ်အတွင်း ၀င်လာမယ် လို့ မှန်းထားခဲ့တဲ့ ဒေါ်လာ ၆ ဘီလီယံ ရည်မှန်းချက် ပြည့်မီ နိုင်ဖို့ မလွယ်ကူကြောင်း သုံးသပ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ