အတွင်းဝန်တွေ ပူးပါင်းမှု မရှိလို့ ဝေဖန်မှုတွေ မြင့်တက်

  • 13 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် President office
Image caption NLD ကခန့်ထားတဲ့ ဝန်ကြီး တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းတာတွေ၊ သတင်း အချက်အလက် အမှန်အကန် မပေးတာတွေရှိ

ဦးသိန်းစိန် အစိုးရ လက်ထက်က ခန့်ခဲ့တဲ့ အမြဲတမ်း အတွင်းဝန်တွေ၊ ညွန်ချုပ် တွေဟာ လက်ရှိ အစိုးရ ဝန်ကြီး တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်း နေတယ်လို့ဝေဖန်နေကြပါတယ်။

အဲဒီလို ပူးပေါင်းဆောင်ရွက်မှု တွေမရှိတဲ့အတွက် အစိုးရအဖွဲ့အနေနဲ့ထင်သလောက်ခရီးမပေါက်ဖြစ်ကြောင်းလည်း ဝေဖန် နေကြပါတယ်။

ပြီးခဲ့တဲ့အစိုးရ လက်ထက်က ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ဝန်ကြီး ဌာန တွေမှာ အမြဲတမ်း အတွင်းဝန်တွေကို စတင်ခန့်ထားခဲ့တာပါ။

အတွင်းဝန် တွေ၊ ညွန်ကြားရေးမှူးချုပ်တွေ ထဲက အချို့ဟာ NLD ကခန့်ထားတဲ့ ဝန်ကြီး တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းတာတွေ၊ သတင်း အချက်အလက် အမှန်အကန် မပေးတာတွေရှိတယ်လို့ဝေဖန် သံတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်လာ ခဲ့ပါတယ်။

အလုပ်ကြိုးစားလို့ အတွင်းဝန် ဖြစ်လာသူတွေလည်း ရှိပြီး၊ တချို့ကတော့ လာဘ်ပေး ပြီး အတွင်းဝန် ဖြစ်လာ သူတွေလို့ ပြည်သူ့ လွှတ်တော် တောင်သူ လယ်သမား နဲ့ အလုပ်သမား ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း က ပြောပါတယ်။

တချို့ အတွင်းဝန်တွေက အစိုးရ ဝန်ကြီးတွေကို ပညာ ပြတာတွေ ရှိပြီး၊ တချို့ အတွင်းဝန် တွေကတော့ ရိုးရိုးသားသား လုပ်နေပေမယ့် ဝန်ကြီး ဖြစ်သူက ကျွမ်းကျွမ်းကျင်ကျင် စီမံခန့်ခွဲမှု မလုပ် နိုင်တာ မျိုးလည်း ရှိတယ်လို့ ဦးစိန်ဝင်းက ပဲ ဆက်ပြောပါတယ်။

ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ အတွက် အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေ ဟာ အောင်မြင်သင့် သလောက်မအောင်မြင်ဘူးလို့ ပြောဆို နေကြပါတယ်။

ဝန်ထမ်း ဆိုတာ အစိုးရရဲ့ သစ္စာ ကို ခံရတာ ဖြစ်တဲ့ အတွက် နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ဖို့ လိုတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန အတွင်းဝန်ဟောင်း ဦးတင့်ဆွေ က ပြောပါတယ်။

ဝန်ကြီး တွေနဲ့ အတွင်းဝန်တွေ ရဲ့ ကြားမှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက် ဖို့ လိုအပ်နေပြီး၊ အတွင်းဝန်တွေ၊ ညွန်ချုပ်တွေ၊ ဦးဆောင်ညွန် ကြားရေးမှူး တွေ ကလည်း အထက် အရာရှိကို တင်ပြဆောင်ရွက်ရမယ်လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။

လက်ရှိမှာတော့ အချို့ အတွင်းဝန်တွေဟာ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် NLD ပါတီက ခေါ်ယူသတိပေးမှုတွေ စတင် ဆောင်ရွက်နေပါတယ်။

အနာဂတ် မှာ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ အတွင်းဝန် တွေ၊ ညွန်ကြားရေး မှူးချုပ်တွေ နဲ့ အမှုထမ်း တွေကို အရေးယူမှု တွေ လုပ်ဖို့ စီစဉ် နေတယ်လို့ စုံစမ်း သိရှိ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ