ချင်းတွင်း အမြန်ရေယာဉ် မှောက်မှု ရှာဖွေရခက်

  • 16 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Gemunu Amarasinghe
Image caption လုံခြုံမှု မရှိတဲ့ ရေယာဉ်စီး ခရီးသွားတွေ

ရာနဲ့ချီတဲ့ ခရီးသည်တွေ တင်ဆောင်ပြီး ဟုမ္မလင်းကနေ မုံရွာကို ချင်းတွင်းမြစ် တလျှောက် ချင်းတွင်းမြစ်ထဲ အမြန်ရေယာဉ် တိမ်းမှောက်မှု မှာ ပျောက်ဆုံးနေတဲ့ ခရီးသည် (၇၀)ကျော်ရဲ့ အလောင်းတွေကို ရှာဖွေရာမှာ အခက်ခဲ ရှိနေပါတယ်။

ချင်းတွင်းမြစ်ထဲ အမြန်ရေယာဉ် တိမ်းမှောက်မှုမှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို ဒုတိယနေ့ တနေ့လုံးရှာဖွေရာမှာ နောက်ထပ် အလောင်း (၂)လောင်းပဲ ထပ်မံ ရရှိပြီး အခုထိ အလောင်း(၆)လောင်းပဲ ရှာဖွေ နိုင်ပါသေးတယ်။

သင်္ဘောမြုပ်ရာနေရာဟာ ရေစီးသန်လို့ ရှာဖွေရာမှာ အခက်ခဲ ရှိနေသလို အလောင်းတွေဟာလည်း တိမ်းမှောက်လို့ နစ်မြုပ်နေတဲ့ အမြန်ရေယာဉ်ထဲမှာ ရှိနေနိုင်တဲ့ အတွက် ရေယာဉ် ကို ကရိန်းနဲ့ ဆယ်ယူဖို့ လည်း လုပ်ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်း အစိုးရ စည်ပင်ဝန်ကြီး ဦးမြင့်ကြည် ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ အမြန်ရေယာဉ်ဟာ လူ (၁၈ဝ)လောက်ပဲ တင်ဖို့ သတ်မှတ်ထားတာကို (၂)ဆ နီးပါးလောက် ပိုမိုတင်ဆောင်ထားပြီး အရှိန်ပြင်းပြင်းမောင်းနှင်လို့ တိမ်းမှောက်ရတာလို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောပါတယ်။

ဒီလို အမြန်ရေယာဉ် တိမ်းမှောက်မှုဟာ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဖြစ်ခဲ့ဖူးပြီး အဲ့ဒီတုန်းက ခရီးသည် (၄၈)ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီတခေါက်မှာတော့ သေဆုံးသူဦးရေဟာ ဒီထက် ပိုများလာနိုင်ပါတယ်။

နစ်မြုပ်ချိန်မှာ ခရီးသည် (၃၀ဝ) ကျော်လောက် တင်ဆောင်ထားပြီး လူ (၁၅၅) ဦးကိုပဲ ကယ်ဆယ်နိုင်တဲ့အတွက် ပျောက်ဆုံးသူ အရေအတွက်ကတော့ အယောက် (၇၀) ကျော် အထိ ရှိနေနိုင်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ စည်ပင်ဝန်ကြီးက ပြောပါတယ်။

ဒီလို လူအများအပြား သေဆုံးမှုတွေ ရှိတဲ့ ချင်းတွင်းမြစ်ထဲ အမြန်ရေယာဉ် တိမ်းမှောက်မှုတွေ ဟာ ရေယာဉ်လိုင်းတွေဘက်က စည်းကမ်းလိုက်နာမှု မရှိဘူးဆိုပြီး ပြောနေကြပေမယ့် အစိုးရအနေနဲ့ အခုထိတော့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်တာတော့ မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ