ရခိုင်အရေး မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း ဘင်္ဂလားဒေ့ရှ် ထုတ်ပြန်

  • 17 အောက်တိုဘာ 2016
Image caption မောင်တောမှာ လုံခြုံရေး တင်းကြပ် ထားဆဲ ရှိနေ

ရခိုင်ပြည်နယ်ထဲမှာ မြန်မာ အစိုးရရဲ့ နယ်ခြားစောင့် စခန်းတွေကို ချိန်ကိုက် တိုက်ခိုက် ခဲ့တဲ့ အပေါ် ရှုတ်ချ ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။

ကျူးလွန်ခဲ့သူတွေကို လက်ရ ဖမ်းပြီး ဥပဒေနဲ့ အညီ စီရင် နိုင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက် အပေါ်မှာလည်း အရေးတကြီး သဘော ထားကြောင်းလည်း အဲဒီ့ ထုတ်ပြန်ချက်ထဲ ရေးသား ထားပါတယ်။

တာဝန်သိတဲ့ အိမ်နီးနားချင်း နိုင်ငံတစ်ခု အနေနဲ့ ကျူးလွန်သူတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး မလာနိုင်အောင် အောက်တိုဘာ ၁ဝရက်နေ့ အစောပိုင်းက စလို့ နယ်စပ်တလျှောက် လုံခြုံအောင် ပိတ်ဆို့ ပေးထားတယ် လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် အဲဒီ့နေ့ နေ့တွင်းချင်းမှာပဲ ရခိုင်ပြည်နယ်ဘက်က ပြေးလာတဲ့ မွတ်ဆလင်မ် နှစ်ဦးကို မြန်မာ အစိုးရ လက်ထဲ ပြန်လည် လွှဲပေး နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

နှစ်နိုင်ငံကြား အာဏာပိုင်တွေ အဆက်အသွယ် အဆက်မပြတ် ရှိနေပြီး မြန်မာ အစိုးရဘက်က တောင်းဆို သမျှ ဖြည့်ဆည်း ပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုထားပါတယ်။

မူးယစ် ဆေးဝါးနဲ့ လူကုန်ကူးမှု က အစ ရာဇဝတ်မှုတွေနဲ့ အဓိကရုဏ်း မငြိမ်သက်မှု တွေက အစ သူပုန် ထမှုတွေကို အပြည့်အဝ ဖြေရှင်း နိုင်ဖို့ ဆိုရင် နှစ်နိုင်ငံကြား တိကျတဲ့ ဥပဒေ ဆိုင်ရာ မူဘောင်တွေ ချမှတ်ပြီး အဖွဲ့အစည်း တွေ အလိုက် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ် နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဘက်က သတိပေး ပြောကြားနေတာ ၂ နှစ်တာမျှ ရှိနေပြီ လို့လည်း ထုတ်ပြန် ချက်ထဲ ဆိုထား ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်က ပူးပေါင်း ဆောင်ရွက် မှုတွေ လုပ်ဆောင် နေတဲ့ အကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း ဘီဘီစီကို အတည်ပြု ပါတယ်။

ရခိုင် နယ်ခြားစောင့် စခန်းတွေ အစီးနင်း ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်က ဘင်္ဂလားဒေ့ရှ် သံအမတ် တင်မက ပါကစ္စတန်နဲ့ ဆော်ဒီ အာရေဗျ သံတမန်တွေကိုလည်း မြန်မာ အစိုးရက ခေါ်ယူ တွေ့ဆုံ ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ရေးရာ ဆက်ဆံရေး ရုံးတွေ အပြန်အလှန် ထားရှိ ဖို့ အစီအစဉ် အထမြောက် အောင်မြင်ကာနီး နေပြီလို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျ က ဘီဘီစီကို ပြောပါတယ်။

မောင်တောမြို့နယ် ထဲမှာတော့ လုံခြုံရေး တင်းကြပ် ထားဆဲ ဖြစ်ပြီး လမ်းသွား လမ်းလာတွေကို တားဆီး စစ်ဆေးတာတွေ ပြုလုပ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ