ချင်းတွင်း စက်လှေမြုပ် ဆယ်ယူနေပြီး အလောင်း ၄ဝ ကျော်ရရှိ

  • 18 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption နစ်မြုပ်တဲ့ ရေယာဉ်ကို ဆွဲတင်နေရ

အောက်တိုဘာ ၁၅ ရက် မနက်က ကနီမြို့ အထက်နား ချင်းတွင်းမြစ်ထဲမှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ရေယာဉ်ကို သက်ဆိုင်ရာက ဆယ်ယူနေတာ လူသေအလောင်း ၄၄ လောင်းလောက် ရထားပြီး ဖြစ်သလို စက်လှေ ၃ပုံ ၂ ပုံ လောက် ရေပေါ်ပေါ်အောင် ဆွဲတင်နိုင်ပြီ ဖြစ်ပါတယ်။

စက်လှေရှိတဲ့ ကနီမြို့နယ် မိကျောင်းတွင်းရွာနားမှာ သက်ဆိုင်ရာနဲ့ လူမှုရေး အဖွဲ့အစည်းတွေ ဝိုင်းဝန်းပြီး အောင်စိုးမိုးကျော် စက်လှေကို ဆယ်ယူနေတဲ့ လုပ်ငန်းဟာ ညနေ ၆နာရီနီးပါးမှာ မှောင်သွားတဲ့ အတွက် ရပ်ထားရပါတယ်။

အသက်ဆုံးရှုံး သွားရသူတွေရဲ့ မိသားစုဝင်တွေကတော့ သူတို့လိုအဖြစ်ဆိုးမျိုးနောက်မဖြစ်အောင် ထိရောက်တဲ့အရေးယူမှုမျိုးတွေကို သက်ဆိုင်ရာကလုပ်စေချင်တယ်လို့ဆိုကြပါတယ်။

စစ်ကိုင်းတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ခုဖြစ်စဉ်ဟာ စည်းကမ်းချိုးဖေါက်လို့ ဖြစ်ရတဲ့ ကိစ္စမို့ ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောသွားတာဖြစ်ပါတယ်။

ချင်းတွင်းမြစ်ကြောင်းမှာ သွားရတဲ့ အမြန်ရေယာဉ် အရေအတွက်ဟာ လိုအပ်ချက်ထက် နည်းပါးနေတာမို့ ခရီးသည်တွေကလည်း ရှိတဲ့ရေယာဉ်နဲ့ ဖြစ်သလိုလိုက်ကြရပါတယ်။

ခုနစ်မြုပ်တဲ့ အောင်စိုးမိုးကျော် ရေယာဉ်ဟာ ပုံမှန်တင်နိုင်တဲ့အားထက် အဆမတန် လူနဲ့ကုန်တွေတင်ဆောင်ခဲ့တာမို့ မိုးလေဝသကောင်းလျက်နဲ့ တခြမ်းစောင်းပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ