မြန်မာ ပြုပြင်ပြောင်းလဲရေး အိန္ဒိယ ဆက်လက်ကူညီမယ်

  • 18 အောက်တိုဘာ 2016
Image caption ကုလားတန် မြစ်ကြောင်း တစ်လျှောက်က စီးပွားရေး အခွင့်အလမ်း ကိစ္စ၊ စစ်တွေ ဆိပ်ကမ်း ကိစ္စတွေ အပြင် သဘာဝ ဓါတ်ငွေ့ ကိစ္စတွေကို အိန္ဒိယ ဘက်က ဆွေးနွေးလာဖို့ ရှိ

အိန္ဒိယနိုင်ငံကို တရားဝင် ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နယူးဒေလီမြို့မှာ အိန္ဒိယ သမ္မတ ပရာနာ့ဗ် မူခါဂျီး က လက်ခံ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ကိစ္စတွေမှာ အိန္ဒိယ အနေနဲ့ တတ်နိုင်သမျှ အကူအညီ ပေးသွားမယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

အိန္ဒိယ အစိုးရ ကို ဆန့်ကျင် နေတဲ့ လက်နက်ကိုင် အဖွဲ့ တွေ မြန်မာ နိုင်ငံ ဘက်ခြမ်းမှာ ရှိနေတဲ့ ကိစ္စ ကို အဓိက ထား ဆွေးနွေး မှာ ဖြစ်ကြောင်း အိန္ဒိယ မြန်မာ ဆက်ဆံရေး ကို အစဉ်တစိုက် လေ့လာနေတဲ့ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှုပ်နှံမှု အပြင် ဘင်္ဂလားပင်လယ်အော် ဒေသ နဲ့ တောင်အာရှ နိုင်ငံတွေရဲ့ ဘင်းစတက် (BIMSTEC) အဖွဲ့ရဲ့ မူဝါဒတွေကိုလည်း ဆွေးနွေး ကြဖို့ ရှိပါတယ်။

မြန်မာ အစိုးရသစ် လက်ထက်မှာ အမျိုးသား အကျိုးစီးပွား နဲ့ စီးပွားရေး တိုးတက်မှု ရှိတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုကောင်းစေတဲ့ အရာတွေကို ဒေါ်အောင်ဆန်းစုကြည် ဘက် က ဆွေးနွေးမှာပါ။

ကုလားတန် မြစ်ကြောင်း တစ်လျှောက်က စီးပွားရေး အခွင့်အလမ်း ကိစ္စ၊ စစ်တွေ ဆိပ်ကမ်း ကိစ္စတွေ အပြင် သဘာဝ ဓါတ်ငွေ့ ကိစ္စတွေကို အိန္ဒိယ ဘက်က ဆွေးနွေးလာဖို့ ရှိပါတယ်။

မြန်မာဘက်က ဓါတ်ငွေ့ ဝယ်ယူ နိုင်ရေး အတွက် အိန္ဒိယ ဘက်က ထပ်မံ ကြိုးစားလာဖို့လည်း ရှိပါတယ်။

မြန်မာ နိုင်ငံ ဟာ အိန္ဒိယ နိုင်ငံ အတွက် ပထဝီ နိုင်ငံရေးမှာ အင်မတန်မှ အရေးပါတဲ့ အတွက် မြန်မာ နဲ့ ဆက်ဆံရေး တိုးတက်ဖို့ အိန္ဒိယ ဘက်က ပိုမို ကြိုးပမ်း လာနိုင် တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ