မောင်တော မြို့ပေါ်မှာ ခိုလှုံနေသူ ၁၀၀ နီးပါးကို နေရပ်ပြန်ပို့

  • 20 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် MOI
Image caption စစ်ပြေးရှောင်လာတဲ့ အိမ်ထောင်စုတွေကို နယ်စပ်ရေးရာ ၀န်ကြီးနဲ့ အဖွဲ့ လာရောက် တွေ့ဆုံ

မောင်တောမြို့ပေါ်မှာ ခိုလှုံနေတဲ့သူ ၁၀၀ နီးပါးကို သူတို့ နေထိုင်ရာ မောင်တော တောင်ပိုင်းက ရခိုင်တိုင်းရင်းသား ကျေးရွာတွေဆီ ကို အာဏာပိုင်တွေက ပြန်ပို့ပေးခဲ့ပါတယ်။

သူတို့ကို စစ်တပ်၊ နယ်ခြားစောင့် ရဲ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကနေ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့မှာ မောင်တောမြို့နယ် မြောက်ပိုင်းက စစ်ပြေးရှောင်လာသူ တွေကို ဆက်လက် ပြန်ပို့ပေးမယ်လို့ သတင်းရပေမယ့် အများစုကတော့ လုံခြုံရေး အခြေအနေကြောင့် မပြန်လိုကြသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က ရိုဟင်ဂျာ မွတ်ဆလင် ကျေးရွာတွေ မှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။

နယ်စပ်က မြန်မာ အစိုးရရဲ့ နယ်ခြားစောင့် ကင်းစခန်းတွေ အတိုက်အခိုက် ခံခဲ့ရပြီးတဲ့နောက် အခုလို နယ်မြေ ရှင်းလင်းမှု လုပ်လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲ ဖြစ်နေတဲ့ မငြိမ်မသက်မှုတွေဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာပါ အကြီးအကျယ် ရိုက်ခတ်နေတယ်လို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သူတို့ဘက်ခြမ်းက နယ်စပ် ဝင်ပေါက် ထွက်ပေါက် တွေကို ပိတ်ပစ် လိုက်တယ်လို့ ဆိုပါတယ်။

တက်ခ်နက်ဖ် ဒေသက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ အကြီးအကဲ အဘူဇာ အယ်လ် ဂျာဟစ်ဒ် ရဲ့ အဆိုအရ နယ်ခြားစောင့် စခန်းတွေကို တိုက်ခိုက်ခဲ့သူတွေ ထွက်ပြေး မလာနိုင်အောင် လုံခြုံရေး တပ်ဖွဲ့တွေ အင်အားတိုးပြီး ချထားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် တဖက်က ထွက်ပြေးရတဲ့ ရိုဟင်ဂျာ တွေဟာ ဘင်္ဂလားဒေ့ရှ် ဘက်ထဲလည်း ပြေးဝင်လို့ မရဘဲ ဖြစ်နေတယ်လို့ အဲဒီ နယ်စပ်ကို ရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် အက္ကဘာ ဟူစိန် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ