အင်းဝ အပ်ချုပ်ဆိုင်အမှု သက်သေတွေ စတင်စစ်ဆေး

  • 20 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင် ၆ဦးကို တရားစွဲဆိုထား

အိမ်အကူ မိန်းကလေး နှစ်ယောက်ကို ညှဉ်းပန်း နှိပ်စက်မှုနဲ့ တရားစွဲ ခံထားရတဲ့ အင်းဝ အပ်ချုပ်ဆိုင်ရှင်တွေရဲ့ အမှုမှာ အောက်တိုဘာလ ၂၀ ရက်နေ့က အနောက်ပိုင်း ခရိုင်တရားရုံး မှာ ရုံးထုတ်ခဲ့ပြီး တရားလို ဘက်က သက်သေကို စတင် စစ်ဆေးခဲ့ပါတယ်။

အင်းဝ အပ်ချုပ်ဆိုင်ရှင် တွေကို စွဲဆို ခံထားရတဲ့ အမှုတွေထဲက ရဲတပ်ဖွဲ့ဘက်က စွဲဆိုထားတဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အမှုကို စစ်ဆေးတာဖြစ်ပြီး သူတို့ အိမ်မှာ အလုပ် လုပ်ခဲ့ဖူးတဲ့ အိမ်အကူ မတင်တင်လှိုင်ကို စစ်ဆေးခဲ့တာ ဖြစ်ကြောင်း တရားခံအဖြစ် စွပ်စွဲခြင်း ခံရသူ မသီရီလတ် ရဲ့ ရှေ့နေ့ မနှင်းဆုအောင်က ပြောပါတယ်။

အိမ်အကူ မိန်းကလေးတွေ ကိုညှဉ်းပန်းမှုနဲ့ အပ်ချုပ်ဆိုင်က မိသားစုဝင် ၆ဦး ကို လူကုန်ကူးမှု ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့က တရားစွဲထားတဲ့ အမှုတွေကို ရန်ကုန်မြို့မှာ ပြီးခဲတဲ့ သီတင်းပတ်က စပြီး စစ်ဆေးမှုတွေ လုပ်နေခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒီအမှုနဲ့ ပတ်သက်နေတဲ့ လူအခွင့်ရေး ကော်မရှင် အဖွဲ့ဝင်တွေကို လည်း ဥပဒေကြောင်းအရ အရေးယူဖို့ လွှတ်တော် ဥက္ကဌကို တောင်းဆို ထားတယ်လို့ ဒီအမှုကို ဖော်ထုတ်ခဲ့သူ သတင်းထောက် ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

လွှတ်တော်ဘက်က အကြောင်း မထူးရင် နောက်တစ်ပတ်မှာ ဒီကော်မရှင် အဖွဲ့ဝင်တွေ ကို တရားစွဲသွားမယ်လို့လည်း သူက ပြောပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ဘက်က တရားစွဲထားတဲ့ အမှုကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စစ်ဆေးဖို့ ရုံးချိန်း ထပ်ပေးလိုက်ပါတယ်။

အောက်တိုဘာလ ၂၁ ရက်မှာတော့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ရဲတပ်ဖွဲ့ ဘက်က စွဲဆိုထားတဲ အပြင်းအထန် နာကျင်စေမှု၊ လူမှုဝန်ထမ်း ဌာန ဘက်ကစွဲဆိုထားတဲ့ ကလေး သူငယ် ကာကွယ်ပေးရေးဆိုင်ရာ ပုဒ်မ တို့ အတွက် ကျောက်တံတားမြို့နယ် တရားရုံးမှာ ကြားနာ စစ်ဆေးဖို့ ရှိတယ်လို့ ရဲတပ်ဖွဲ့ ဘက်ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ