EU- မြန်မာ ရင်းနှီးမှု ကာကွယ်ရေး သဘောတူမှု ကို ဝေဖန်မှုတွေ ထွက်ပေါ်

  • 20 အောက်တိုဘာ 2016
Image caption ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင်မှု ပေးနေတဲ့ မြန်မာ အစိုးရ သစ် နဲ့ ဥရာပ သမဂ္ဂ အဖွဲ့ EU တို့ အကြား IPA ချုပ်ဆိုဖို့ ညှိနှိုင်း နေ

မြန်မာ အစိုးရနဲ့ ဥရောပ သမဂ္ဂ EU အကြား လက်မှတ် ရေးထိုးဖို့ ညှိနှိုင်း ပြင်ဆင် နေတဲ့ ရင်းနှီး မြှုပ်နှံမှု ကာကွယ်ရေး ဆိုင်ရာ သဘောတူမှု IPA ဟာ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အပေါ် ဆိုးကျိုး သက်ရောက် လိမ့်မယ် ဆိုပြီး နယ်သာလန် နိုင်ငံ အခြေစိုက် The Transnational Institute TNI က ဝေဖန် လိုက်ပါတယ်။

မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေအစပျိုး လုပ်ဆောင် လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ကတည်းက စလို့ နိုင်ငံတကာ က အစိုးရတွေ၊ စီးပွားရေး အသိုင်းအဝိုင်း တွေဟာ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားမှု တွေ တိုးတက် လာခဲ့ ပါတယ်။

မြန်မာ နိုင်ငံထဲ လာပြီး ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကိုင် နိုင်ဖို့ ဆိုရင် မြန်မာ အစိုးရ အနေနဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု မှုတွေ အပေါ် အကာအကွယ် ပေးမယ်ဆိုတဲ့ သဘောတူမှု IPA တွေ ချုပ်ဆို ဖို့ လိုတယ် ဆိုပြီး အနောက် နိုင်ငံတွေ ရော၊ အာရှ က လုပ်ငန်း ရှင် နိုင်ငံ တွေကပါ မြန်မာ အစိုးရ အပေါ် တိုက်တွန်း လာခဲ့ကြတယ် လို့ The Transnational Institute အဖွဲ့ TNI က ဆိုပါတယ်။

ဒီလို IPA စာချုပ် တွေကို စစ်အစိုးရ လက်ထက် ကတည်းက တရုတ်နဲ့ အိန္ဒိယ နိုင်ငံ တွေနဲ့ အကြား ချုပ်ဆို ခဲ့သလို၊ ၂ဝ၁၃ ခုနှစ် နောက်ပိုင်းမှာ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံ တွေနဲ့ပါ ချုပ်ဆို ခဲ့ပါတယ်။

အခုဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင်မှု ပေးနေတဲ့ မြန်မာ အစိုးရ သစ် နဲ့ ဥရာပ သမဂ္ဂ အဖွဲ့ EU တို့ အကြား IPA ချုပ်ဆိုဖို့ ညှိနှိုင်း နေကြပါတယ်။

IPA ထဲမှာ စံ တစ်ခု အနေနဲ့ ပါဝင်မြဲ ဖြစ်တဲ့အချက်တွေ ဟာ နိုင်ငံခြား ကုမ္ပဏီကြီး တွေ အတွက် ပိုပြီး အသာစီးရ နေတယ် ဆိုပြီး TNI အဖွဲ့က မြန်မာ့ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို အထူးပြု လေ့လာ စောင့်ကြည်နေတဲ့ Pietje Vervest (ပိချာ ဗားဗက်စ်) က ပြောပါတယ်။

အစိုးရနဲ့ကြား အငြင်းပွားမှု တစုံတရာ ဖြစ်ပေါ် လာပြီ ဆိုရင် ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူတွေ အနေနဲ့ သက်ဆိုင်ရာ ပြည်တွင်း ခုံရုံး တွေ မှာ မဟုတ်ပဲ၊ နိုင်ငံတကာ ခုံရုံး ဆီ တိုက်ရိုက် သွားခွင့် ပြုထားတဲ့ စာသားတွေ ဟာ IPA စာချုပ် တွေမှာ ပါဝင် ရ စမြဲ ဖြစ်တယ်လို့ Pietje Vervest (ပိချာ ဗားဗက်စ်) က ပြောပါတယ်။

ကုန်သွယ် ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာ ရှေ့နေ ၃ ယောက် က ခုံရုံးဖွဲ့ ကြားနာ စစ်ဆေးရတဲ့ အဲဒီ့ နိုင်ငံတကာ ခုံရုံး တွေ ဟာ စီးပွားရေး ကုမ္ပဏီ ကြီးတွေ အနေနဲ့ နစ်နာမှုတွေ ရှိတယ်လို့ ဆုံးဖြတ် ပြီ ဆိုရင် သက်ဆိုင်ရာ အစိုးရတွေကို လျော်ကြေး ဒေါ်လာ သန်းရာပေါင်း များစွာ ပေးဆောင်ဖို့ အမိန့်ချလေ့ ရှိတယ် ဆိုပြီး Pietje Vervest (ပိချာ ဗားဗက်စ်) က ဆိုပါတယ်။

အစိုးရ က ပေးတဲ့ လျော်ကြေးဆိုတာ ပြည်သူ တွေ အတွက် သုံးစွဲ ရမယ့် ဘဏ္ဍာငွေထဲက ဖဲ့ပြီး ပေးရတာ ဖြစ်ပါတယ်။

တကယ်လို့ ဒေသခံတွေ အနေနဲ့ လူ့ အခွင့်အရေး ဆိုင်ရာ ချိုးဖောက်ခံရမှုတွေ၊ ပတ်ဝန်းကျင် ဆိုင်ရာ ဆုံးရှုံး ပျက်စီး ရတာတွေ ဖြစ်ရင်တော့ ၊ စီးပွားရေး ကုမ္ပဏီ ကြီးတွေလို နိုင်ငံတကာ ခုံရုံး ကို တက်နိုင်စွမ်း မရှိ ကြပါဘူး။

TNI အဖွဲ့က ဒီ အချက်ကို ထောက်ပြပြီး ရင်းနှီး မြှုပ်နှံမှု အကာအကွယ် ပေးရေး စာချုပ်တွေ ဆိုတာ မမျှတတဲ့ စာချုပ်တွေ၊ စီးပွား ရေး ကုမ္ပဏီ ကြီးတွေ ကိုသာ အကာအကွယ် ပေးနေတယ်လို့ ပြင်းပြင်း ထန်ထန် ဝေဖန် ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင် နေတဲ့ မြန်မာ့ နိုင်ငံရေးရဲ့ အင်မတန် သိမ်မွေ့လှတဲ့ အခုလို ကာလ မျိုးမှာ အဲဒီလို စာချုပ်မျိုးကို လက်မှတ် ထိုးဖို့ အင်မတန် သတိ ကြီးကြီး ထားရလိမ့်မယ် ဆိုပြီး တော့လည်း Pietje Vervest (ပိချာ ဗားဗက်စ်) က ပြောပါတယ်။

တိုင်းရင်းသား ဒေသ နယ်မြေတွေ မှာ ရှိနေတဲ့ သဘာဝ သယံဇာတ ရင်းမြစ်တွေ ကနေ ရရှိတဲ့ ဝင်ငွေတွေကို သက်ဆိုင်ရာ ပြည်နယ်တွေက စီမံ ခန့်ခွဲပိုင်ခွင့် ရှိရေး ဆိုတာ ဟာ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် ဆွေးနွေး နေကြတာတွေထဲ အရေးပါတဲ့ အခန်း ကဏ္ဍ မှာ ရှိ နေပါတယ်။

တိုင်းရင်းသား ဒေသတွေ က ထွက်တဲ့ သယံဇာတ တွေကို ကိုယ်တိုင် စီမံ ခန့်ခွဲ နိုင်ဖို့ အတွက် ဥပဒေကြောင်း ဆိုင်ရာ ပြင်ဆင် ပြောင်းလဲမှု တွေ မလုပ်ဆောင် နိုင်သေးခင် EU က တိုက်တွန်း နေတဲ့ ရင်းနှီး မြှုပ်နှံမှု ကာကွယ်ရေး သဘောတူမှု ကို မြန်မာ အစိုးရ အနေနဲ့ လက်မှတ် ထိုးလိုက်မှာကို မြန်မာ နိုင်ငံထဲက အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ က ထောက်ပြ နေကြတယ်လို့ Pietje Vervest (ပိချာ ဗားဗက်စ်) က ပြောပါတယ်။

မြန်မာ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် အကဲဆတ် နေတဲ့ အခုလို အချိန်မှာ ရင်းနှီး မြှုပ်နှံမှု ကာကွယ်ရေး သဘောတူမှု ဟာ ဆိုးကျိုး အနေနဲ့ မသက်ရောက် စေဖို့ အင်မတန် အရေးကြီး လှတယ်လို့ TNI အဖွဲ့က သတိ ပေး နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ