နယ်ခြားစောင့် စခန်းတွေ အတိုက် ခံရမှု နောက်ဆက်တွဲ ဖမ်းဆီးတာတွေ ပြုလုပ်

  • 23 အောက်တိုဘာ 2016
Image caption အစိုးရ စစ်တပ်က မောင်တော မြို့နယ်ထဲ လုံခြုံရေး ယူထားဆဲ

ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ နယ်ခြားစောင့် စခန်း တွေကို တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တွေနဲ့ အဆက်အစပ် ရှိတယ် ဆိုတဲ့ စွဲချက်နဲ့ စုစုပေါင်း လူ ၅ ယောက် အဖမ်း ခံလိုက် ရပါတယ်။

မောင်တော မြို့ပေါ် က တစ်ယောက်နဲ့ ဇီးပင်ဆိပ်တောင် ရွာက ၄ ယောက် ဖြစ်ပါတယ်။

ဒါ့အပြင် ဝါဘိတ် ဆိုတဲ့ ကျေးရွာ ကနေလည်း အမ်အေ ၁၁ အမျိုးအစား သေနတ်နဲ့ ကျည်တွေ သိမ်းဆည်း ရမိတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ထားပါတယ်။

မောင်တော မြို့နယ်ထဲမှာ နယ်ခြားစောင့် စခန်းတွေ နောက်ထပ် အခု ၃ဝ တိုးမြှင့် ဖွင့်လှစ်ဖို့ အစိုးရက စီစဉ် နေပါတယ်။

ဒါ့ကြောင့် စခန်းပေါင်း ၁၂၆ ခု အထိ ရှိလာမှာ ဖြစ်ပြီး ရဲ တပ်ဖွဲ့ အင်အားတွေလည်း တိုးမြှင့် ချထားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ ချမ်းသာက ဘီဘီစီကို ပြောပါတယ်။

တိုးချဲ့မယ် ဆိုတဲ့ စခန်းတွေကို မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ် နတ်မြစ် ကမ်းခြေ တစ်လျှောက်နဲ့ မောင်တောမြို့နယ် မြောက်ပိုင်း နှစ်နိုင်ငံ နယ်မြေချင်း ထိစပ်နေတဲ့ ကုန်းတွင်းပိုင်း နယ်မြေတွေမှာ နေရာ ချသွားမှာ ဖြစ်ပါတယ်။

အခု အချိန်ထိ အစိုးရ စစ်တပ်က မောင်တော မြို့နယ်ထဲ လုံခြုံရေး ယူထားဆဲ ဖြစ်ပြီး အခြေအနေ တည်ငြိမ် နေတယ်လို့ အာဏာပိုင် ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ