မွတ်ဆလင် ရွာတွေမှာ ကျူးလွန်မှုတွေ မရှိဘူးလို့ ရခိုင်ပြည်နယ် အစိုးရ ငြင်းဆို

  • 24 အောက်တိုဘာ 2016
Image caption နယ်မြေ ရှင်းလင်းမှုတွေ ဆက်လက် လုပ်ဆောင်နေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲ အစိုးရ စစ်တပ်က စစ်ဆင်ရေး လုပ်နေတာမှာ မွတ်ဆလင်မ်ရွာ တွေမှာ ရွာသားတွေကို နှင်ထုတ်တာ၊ ပိုင်ဆိုင်မှုတွေ ဖျက်စီးတာတွေ ပြုလုပ် နေတယ်ဆိုတဲ့ သတင်းတွေကို ရခိုင်အစိုးရက ငြင်းဆို လိုက်ပါတယ်။

အစိုးရ နယ်ခြားစောင့် စခန်းတွေကို တိုက်ခိုက် ခဲ့ကြတဲ့ လက်နက်ကိုင်တွေ နဲ့ ဆုံးရှုံးခဲ့ရတဲ့ လက်နက် ခဲယမ်းတွေကို အာဏာပိုင်တွေ ဘက်က လိုက်လံ ရှာဖွေ နေတာ သာ ဖြစ်ပြီး၊ ရွာတွေကနေ ထွက်သွားကြတဲ့ သူတွေ ဆိုတာကလည်း အစစ်ဆေး မခံပဲ တိမ်းရှောင် သွားသူတွေသာ ဖြစ်လိမ့်မယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာ ချမ်းသာက ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်တွေဟာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် အနောက်ခြမ်း နေရာတွေကို စစ်ဆင်ရေး နယ်မြေ အဖြစ် သတ်မှတ်ပြီး နယ်မြေ ရှင်းလင်းမှုတွေ ဆက်လက် လုပ်ဆောင် နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီလို အခြေအနေမှာ အစိုးရ စစ်တပ်က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အဲဒီ့ ဒေသတွေကို လစဉ်ပို့တဲ့ စားနပ်ရိက္ခာနဲ့ တခြား ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ မဝင်ရောက် နိုင်ဖြစ်နေတဲ့ အတွက် အကူအညီပေးရေး လုပ်ငန်းတွေ ပုံမှန် အတိုင်း ဆောင်ရွက်ခွင့် ပေးဖို့ အစိုးရ အပေါ် တောင်းဆိုမှုတွေ ရှိနေပါတယ်။

ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် WFP က ဆက်သွယ်ရေး တာဝန်ခံ ဆစ်လ်ကာ ဘားရ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ လိုအပ်တဲ့ စားနပ် ရိက္ခာ အထောက်အပံ့တွေ မပေးပို့နိုင် ဖြစ်နေ ရတာကြောင့် လူတွေ အဟာရ ချို့တဲ့ ပြတ်တောက် လာနိုင်တဲ့ အခြေအနေ မျိုး ရောက်လာမှာကို စိုးရိမ်နေကြောင်း ပြောပါတယ်။

လူပေါင်း တစ်သောင်း ခုနှစ်ထောင် အတွက် အကူအညီတွေ ပေးရေး အစီအစဉ်တွေ မကြောခင် ပြန်လည် စတင် လာနိုင်ဖို့ မျှော်လင့် ပါတယ်လို့ မစ္စ ဘားရ်က ဆိုပါတယ်။

နိုင်ငံတကာ အဖွဲ့တွေက ပေးမယ်ဆိုတဲ့ အကူအညီတွေ ထဲမှာ ငွေကြေး ထောက်ပံ့မှုတွေ အပါအဝင်၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေ အတွက် အဟာရ ဖြစ်စေမယ့် အစား အသောက်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ