ဇီကာပိုးရှိနိုင်ငံခြားသူ ပြည်ပတနိုင်ငံက ကူးခံရတာဖြစ်

  • 28 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် MOI
Image caption ဇီကာရောဂါပိုးဟာ ကိုယ်ဝန်ဆောင်တွေမှာ ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးတွေ မွေးလာနိုင်မယ့် အန္တရာယ်ရှိ

မြန်မာနိုင်ငံမှာ ပထမဆုံး ဇီကာပိုးကူးစက်ခံရတဲ့ ကိုယ်ဝန် သုံးလခွဲရှိနေတဲ့ နိုင်ငံခြားသူဟာ ရောဂါကူးစက်မှု ရှိနေတဲ့ အာဆီယံ နိုင်ငံတနိုင်ငံကို သွားရာကနေ ကူးစက်ခဲ့တာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဒီအမျိုးသမီးရဲ့ နိုင်ငံသား အချက်အလက်နဲ့ သွားတဲ့နိုင်ငံကိုတော့ ပြည်သူ့ ကျန်းမာရေးကျင့်ဝတ်အရ ထုတ်ပြန်မှာ မဟုတ်ပါဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်တာ ၂နှစ်ခန့်ရှိပြီဖြစ်တဲ့ အဆိုပါနိုင်ငံခြားသူဟာ အောက်တိုလဆန်းပိုင်းက ခရီးထွက်ခဲ့ပြီး မကြာသေးခင်ကပဲ မြန်မာပြည်ပြန်ရောက်လာတဲ့အချိန် ရောဂါလက္ခဏာတွေ ပြလာတဲ့အချိန်မှာ အခုလို ရောဂါကူးစက်ထားတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ကူးစက်ခံရတဲ့အမျိုးသမီးကို ဆေးရုံမှာ မထားပဲ တခြားသူကို ကူးစက်မခံရဖို့အတွက် အိမ်မှာပဲ ခြင်ကိုက်မခံရအောင်နေဖို့ စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ကူးစက်ခံရတဲ့ အမျိုးသမီးနေထိုင်တဲ့နေရာရဲ့ မီတာ၂၀ဝအတွင်းမှာရှိတဲ့ အိမ်ထောင်စုက လူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ရောဂါလက္ခဏာရှိသူ မတွေ့ခဲ့ရဘူးလို့ သူက ပြောပါတယ်။

ယခင်လကလည်း လူနာပေါင်း ၃၀ကို ဇီကာပိုး ရှိမရှိ ကျန်းမာရေး ဝန်ကြီးဌာနက စစ်ဆေးခဲ့ပြီး အခုလို ရောဂါပိုးရှိသူတဦး တွေ့ရတဲ့အတွက် လေဆိပ်တွေသာမက နိုင်ငံခြားသား အလာများတဲ့ ရန်ကုန်၊ မန္တလေး၊ မြောက်ဦးနဲ့ နေပြည်တော် အပါအဝင် လူနေရပ်ကွက်တွေမှာပါ စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ခြင်ကျားနှိမ်နင်းရေး၊ ရောဂါလက္ခဏာပြသူတွေက အသိပေးဖို့နဲ့ ကိုယ်ဝန်ဆောင်တွေကို မကူးစက်ရအောင် ပညာပေးဖို့ လုပ်ငန်းတွေကိုလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ ဒေါက်တာ သန်းထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဇီကာရောဂါပိုးဟာ ခြင်ကျားကိုက်ရာကနေ ကူးစက်နိုင်ပြီး ကာကွယ်ဆေးလည်း မရှိသေးပဲ အဓိကအားဖြင့် ကိုယ်ဝန်ဆောင်တွေမှာ ကူးစက်ခံရရင် ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးတွေ မွေးဖွားလာနိုင်မယ့် အန္တရာယ်ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကြေငြားထားချက်တွေအရ ကမ္ဘာပေါ်မှာ ဇီကာရောဂါကူးစက်ခံရတဲ့ နိုင်ငံ ၇၃နိုင်ငံရှိပြီး ဒီနိုင်ငံတွေ စာရင်းမှာ စင်္ကာပူ၊ ထိုင်းအစရှိတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေလည်း ပါဝင်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ