ပြင်ဉီးလွင် အုပ်ချုပ်ရေးမှူး လာဘ်စားမှု နဲ့ ဖမ်းဆီးခံရ

  • 28 အောက်တိုဘာ 2016
Image caption ငွေကြေး ဘယ်၍ ဘယ်မျှ လာဘ်ယူမှ တိုင်ကြား နိုင်တာမျိုး ကန့်သတ် မထား

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က အရေးယူ ဆောင်ရွက်မှု အနေနဲ့ ပြင်ဦးလွင် မြို့နယ်က မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ အခြား အဆင့် ၂ယောက်ကို ဖမ်းဆီး အရေးယူ လိုက်ပါတယ်။

ကော်မရှင် အနေနဲ့ ၂၀၁၄ မတ်လ က စပြီး လက်ရှိ အချိန်ထိ လာဘ်ပေး လာဘ်ယူ မှု တွေ နဲ့ တိုင်ကြား စာပေါင်း နှစ်ထောင့် လေးရာ ကျော်ရှိတဲ့ ထဲမှာ ဖမ်ဆီး အရေးယူ မှု တစ်ခု ကို စတင် ပြုလုပ် လာတာပါ။

မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး နဲ့ ဒုတိယ ဦးစီး အရာရှိ တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် မှာ တရားစွဲဆိုထားပါတယ်။

မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာနက အကြီးတန်း စာရေး ကိုလည်း ပုဒ်မ ၅၇ နဲ့ တရားစွဲ ဆိုခဲ့ပါတယ်။

ပုဒ်မ ၅၇ အရ ထောင်ဒဏ် ၇ နှစ် နဲ့ ငွေဒဏ် အပြစ်ပေး နိုင်ပြီး ပုဒ်မ ၅၆ အရ ထောင်ဒဏ် (၁၀)နှစ်နဲ့ ငွေဒဏ် တွေကိုလည်း ချမှတ် နိုင်ပါတယ်။

ငွေကြေး ဘယ်၍ ဘယ်မျှ လာဘ်ယူမှ တိုင်ကြား နိုင်တာမျိုး ကန့်သတ် မထားဘဲ၊ အကျင့်ပျက် ချစားမှုတွေကို သက်သေ အပြည့်အစုံ၊ မှတ်ပုံတင် မိတ္တူ စတာတွေ ဖော်ပြပြီး တိုင်ကြား နိုင်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင် က ပြောပါတယ်။

အကျင့်ပျက်ချစားမှု တွေကို တိုင်ကြားတဲ့ လူတွေရဲ့ လုံခြုံရေး ကိုလည်း ပြည်ထဲရေး ဝန်ကြီး ဌာန နဲညှိနှိုင်းပြီး ဆောင်ရွက် ပေးတယ်လို့ ဆိုပါတယ်။

လူသက်သေ အပြင်၊ အသံဖမ်း ထားတာမျိုး၊ ဗီဒီယို ရိုက်ကူး ထားတာမျိုး တွေကို လည်း သက်သေခံ အဖြစ် တရားရုံးကို တင်ပို့ နိုင်ပြီ ဖြစ်တာကြောင့် ကော်မရှင် အနေနဲ့ အဲဒီ သက်သေခံ ချက်တွေကို လည်း လက်ခံ စစ်ဆေး ပေးမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ