ကုလ သမဂ္ဂ အဖွဲ့အစည်းတွေ မောင်တော ပြန်ဝင်ခွင့်ပြု

  • 29 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတယ်လို့ စွပ်စွဲ

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ရခိုင်ပြည်နယ် မောင်တော ဒေသမှာ နယ်စပ် လုံခြုံရေးတွေ အကြမ်းဖက် သတ်ဖြတ်ခံရမှု နောက်ပိုင်း အစိုးရက နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့ရာမှာ မွတ်ဆလင် အမျိုးသမီးတွေကို မတရား ပြုကျင့်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေလို့ စုံစမ်း စစ်ဆေးဖို့ အမေရိကန် နိုင်ငံခြားရေး ဌာနက မြန်မာ ဘက်ကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

နောက် အရပ်သားတွေကို သတ်ဖြတ် ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲမှုတွေကို စစ်ဆေးဖို့ ကုလသမဂ္ဂ ကလည်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ဒီလို စွပ်စွဲမှုတွေ ပေါ်လာတာဟာ နယ်မြေ အခြေအနေမှန် မသိအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဝင်ခွင့်မပေးလို့ ဖြစ်လာတာ ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အခုတော့ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဒီနယ်မြေထဲ ဝင်ခွင့်ပြုထားပြီလို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီလီရဲ့ တောင်းဆိုချက် အရ ဒီလို ခွင့်ပြု ခဲ့တာပါ။

ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေဟာ လုံခြုံရေး အစောင့်အရှောက်နဲ့ပဲ နယ်မြေကို သွားရမှာ ဖြစ်ပါတယ်။

အစိုးရ အဖွဲ့ ဝန်ကြီးတွေ သွားရောက် ကြည့်ရှုစဉ်မှာ ဝန်းရံ ပိတ်ဆို့မှုတွေ ဖြစ်ခဲ့လို့ ခုလည်း နိုင်ငံတကာ အဖွဲ့တွေ အတွက် စီစဉ် ပေးမှာ ဖြစ်တယ်လို့ ဦးဇော်ဌေး က ဆိုပါတယ်။

စစ်ဆင်ရေး လုပ်ရာမှာ သတိကြီးကြီးထားပြီး ဥပဒေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်ဖို့ စစ်ဘက်နဲ့ ရဲ တပ်သားတွေကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ သတင်းဌာနတွေ ဘက်က ခိုင်လုံမှု မရှိတဲ့ တဘက်သတ် ရတဲ့ သတင်းတွေကို ဖော်ပြနေတာကိုလည်း အထောက်အထားနဲ့ တကွ တိတိကျကျ တင်ပြဖို့ မြန်မာ ဘက်က တောင်းဆိုခဲ့တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

နယ်မြေ ရှင်းလင်းရေးတွေ လုပ်တာကို မထိခိုက်ရင် သတင်းယူခွင့်တွေ ခွင့်ပြုသွားမယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ