အတိုင်ခံရတဲ့ NLDအမတ်တွေကို အရေးယူထား

  • 30 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် MyanmarUnionParliament
Image caption တိုင်ကြားခံထားရတဲ့ အမတ်တွေထဲမှာ နိုင်ငံတဝှမ်း လွှတ်တော်သုံးရပ်စလုံးက အမတ်တွေပါဝင်

တိုင်ကြားခံထားရတဲ့ NLD အမတ် အယောက် ၄၀ကို အရေးယူထားပြီး နောက်ထပ် အမတ် ၂၀ ထပ်မံ တိုင်ကြားခံရတယ်လို့ NLD တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

တိုင်ကြားခံထားရတဲ့ အမတ်တွေထဲမှာ နိုင်ငံတဝှမ်း လွှတ်တော်သုံးရပ်စလုံးက အမတ်တွေပါဝင်ပြီး အများစုက ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့က ဖြစ်ပါတယ်။

တိုင်ကြားခံရတဲ့ ကိစ္စတွေမှာ ပါတီတွင်း အလုပ်အမှုဆောင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအကြား ညှိနှိုင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် ပါတီတွင်းက တိုင်ကြားမှု အများစု အပါအဝင် ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က တိုင်ကြားမှုတွေလည်း ပါဝင်တယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ တိုင်ကြားခံရတဲ့အထဲမှာ အများစုက သက်ဆိုင်ရာ မြို့နယ်တွေမှာ ရုံးထိုင် ဆောင်ရွက်မှုမရှိတာ၊ ပါတီတာဝန်နဲ့ ကင်းကွာပြီး အုပ်ချုပ်ရေးပိုင်းမှာ သွားရောက် ပတ်သက်တာတွေ ကြောင့် ဖြစ်ပါတယ်။

အရေးယူတဲ့အထဲမှာ စာနဲ့ခေါ်ယူ သတိပေးခံရတဲ့အမတ်တွေဟာ အဆင့်မြင့်တာဝန် ထမ်းဆောင်ခွင့် ၆လ ဆိုင်းငံ့ခံရမှာ ဖြစ်ပါတယ်။

တခြားအမတ်တွေကိုတော့ ခေါ်ယူ သတိပေး ဆွေးနွေးတာမျိုး လုပ်ခဲ့ပြီး ပါတီက ထုတ်ပယ်ရတဲ့အထိ အရေးယူရမယ့် အခြေအနေတော့ မရှိသေးဘူးလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ပါတီကို တိုင်ကြားတဲ့ စာတွေနဲ့ ပတ်သက်ပြီး ပါတီတွင်း ဆောင်ရွက်ချက်နဲ့ မပတ်သက်တဲ့ အမှုတွေမှာ တရားစီရင်ရေးက ဆုံးဖြတ်ချက်တွေကို လေ့လာပြီးမှ အရေးယူဆောင်ရွက်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ