ငါးခူရ မွတ်ဆလင် ရွာမှာ သေနတ်သံတွေ ထွက်ပေါ် လာပြီး မီးလောင်မှု ဖြစ်

  • 30 အောက်တိုဘာ 2016
Image caption မောင်တော မြို့နယ်ထဲ ကင်းလှည့်နေတဲ့ အစိုးရ စစ်သားတွေ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ငါးခူရ ဆိုတဲ့ မွတ်ဆလင် ကျေးရွာမှာ အောက်တိုဘာ ၃ဝ ရက် ညဦးပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ပြီး သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှုးကတော့ ငါးခူရ မှာ ရှိတဲ့ ပလီ ဝတ်ကျောင်းဘေးက အိမ် မီးရှို့ ခံရတာကနေ စတင် လောင်ကျွမ်း ခဲ့တာလို့ ပြောပြီး ရှို့မီး လက်သည်ဟာ ဘင်္ဂါလီ တွေဖြစ်ကြောင်း အကြမ်းဖျင်း သိထား ရတယ်လို့ ဆိုပေမယ့် အတည်ပြု နိုင်ခြင်းတော့ မရှိပါဘူး။

သေနတ်သံတွေ ဘာ့ကြောင့် ထွက် လာရသလဲ ဆိုတာလည်း အာဏာပိုင်တွေက တစုံတရာ ပြောဆို နိုင်ခြင်း မရှိပါဘူး။

မောင်တောမြို့နယ် အတွင်း တည်ငြိမ်မှုတွေ ရရှိနေပြီ ဖြစ်တယ်လို့ ဒေသခံ အာဏာပိုင်တွေ ဘက်က အစောပိုင်းတုန်းက ပြောဆို ထားမှုတွေ ရှိခဲ့ပေမယ့် အခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက် လာပြန်တဲ့ အတွက် လက်ရှိ အနေအထားဟာ စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက အစိုးရ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီးတဲ့ နောက် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် နေကြတဲ့ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ ရွာသားတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ် နှိပ်စက်တာ၊ မုဒိန်းကျင့်တာ၊ မီးရှို့တာတွေ ကျုးလွန် နေတယ် ဆိုတဲ့ စွပ်စွဲမှု တွေ ထွက်နေတဲ့ အပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောနေကြပြီး လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း တောင်းဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ