မောင်တောမှာ ရဲသင်တန်း ပေးမယ်

  • 31 အောက်တိုဘာ 2016
ဓာတ်ပုံ မူပိုင် AFP/ Getty Images
Image caption မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တော ဒေသမှာ နယ်ခြားစောင့်တပ်ဖွဲ့တွေ ကင်းလှည့်နေ

ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ တာဝန် ထမ်းဆောင်ဖို့ ဒေသခံ တိုင်းရင်းသား ၂၀၀ ကို ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တွေ အဖြစ် ခေါ်ယူပြီး သင်တန်းတွေ စတင် ပို့ချ သွားမယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံခဲ့ရရာ မောင်တော ဒေသမှာ နယ်မြေတည်ငြိမ်ရေးနဲ့ တရား ဥပဒေ စိုးမိုးရေး အတွက် ရည်ရွယ်တာလို့ ဆိုပါတယ်။

အသက် ၁၈ နှစ်ကနေ ၂၅ နှစ် အရွယ် မူလတန်းအဆင့် ပညာအရည်အချင်း ရှိသူတွေ လျှောက်ထား နိုင်တယ်လို့ မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဘီဘီစီကို ပြောပါတယ်။

ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တွေ အဖြစ် ၆ လကြာ သင်တန်းတွေ ပေးပြီးတဲ့ အခါသူတို့ကို ကိုယ့်ရွာမှာ ပြန်လည် နေရာချထား ပေးမယ်လို့ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

သင်တန်းပေးမယ့် နေရာ နှစ်ခု သတ်မှတ်ထားပြီး တိုက်ခိုက်ခံခဲ့ရတဲ့ နယ်ခြားစောင့် စခန်းတွေရဲ့ ဌာနချုပ် ရှိရာ ကျီးကန်းပြင်နဲ့ စစ်တွေ မြို့တို့မှာ သင်တန်းပေးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒေသန္တရ ရဲတပ်ဖွဲ့ အစီအစဉ်ကို ရခိုင်တိုင်းရင်းသား တွေက ကြိုဆိုကြမှာ ဖြစ်ပေမဲ့ ဒီလို ဖွဲ့စည်းရင် နယ်စပ် အခြေအနေ ပိုရှုပ်ထွေးလာ မလားဆိုပြီး စိုးရိမ်ပူပန်သူတွေလည်း ရှိနေကြပါတယ်။

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၃၀ ရက်နေ့က မီးလောင်ခဲ့ပြီး သေနတ်ပစ်ခတ်မှုတွေလည်း ရှိခဲ့တဲ့ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ မွတ်ဆလင် ရွာမှာ နယ်မြေ မတည်ငြိမ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။

မီးလောင်တဲ့ နေရာမှာ စျေးဆိုင် သုံးလေးဆိုင်နဲ့ နေအိမ် တစ်လုံးလောက် ပါသွားတယ်လို့ ကပ်ပကောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီမှာ နယ်မြေ ရှင်းလင်းရေး တွေလုပ်ရာမှာ သေနတ်ပစ်ဖောက်သံ တွေကို ကိုယ်တိုင် ကြားရတယ်လို့လည်း ကပ်ပကောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နယ်မြေ မတည်ငြိမ်မှုတွေ ဆက်ရှိနေသေးလို့ တပ်မတော်က နယ်မြေ ရှင်းလင်းမှု ဆက်လက် ပြုလုပ် နေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ