မောင်တော မြို့နယ် ကို ကုလ အဖွဲ့အစည်းတွေ ပြန်သွားခွင့်ရ

  • 31 အောက်တိုဘာ 2016
Image caption လုံခြုံရေး ပေးနေသော ရဲတပ်ဖွဲ့ ဝင်များ

ရခိုင်ပြည်နယ် အတွင်း UN လက်အောက်ခံ အဖွဲ့တွေနဲ့ WFP စတဲ့ အဖွဲ့တွေကို မောင်တောမြို့နယ်ကို သွားရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် နယ်မြေ လုံခြုံရေး အခြေအနေကြောင့် ကန့်သတ်ချက် အချို့နဲ့ ခွင့်ပြုခဲ့ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ က မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က နယ်ခြားစခန်းသုံးခု တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်းက စပြီး စစ်ဆင်ရေးတွေ လုပ်နေတာကြောင့် မောင်တောဒေသမှာ နိုင်ငံတကာ NGO ရဲ့ ကူညီရေး လုပ်ငန်းတွေ ရပ်တန့်ထားခဲ့ရတာပါ။

အခုအခါ ကုလသမဂ္ဂ အဖွဲ့တွေနဲ့ WFP ကို မောင်တောနယ်ထဲမှာ ပုံမှန် အလုပ်တွေကို ပြန်လည် ဆောင်ရွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်သွားချင်တဲ့ နေရာတွေကိုတော့ သတင်းပို့ပြီးမှ သွားရမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

မောင်တောမြို့နယ် အတွင်း WFP က ထောက်ပံ့ရေးတွေ ဆောင်ရွက်နေတဲ့ နေရာမှာ လူပေါင်း သောင်းဂဏန်းခန့်ကို ပုံမှန် ထောက်ပံ့နေရာကနေ အောက်တိုဘာလမှာ တိုက်ပွဲတွေကြောင့် မထောက်ပံ့နိုင်တဲ့ အတွက် တချို့ ကျေးရွာတွေမှာ ရိက္ခာတွေ ပြတ်လပ်မှုတွေ ရှိနေတယ်ဆိုပြီး ပြောဆိုပါတယ်။

ဒီဘင်္ဂလီကျေးရွာသားတွေကိုတော့ ယခင်ကလို ပုံမှန်အတိုင်း ထောက်ပံ့လို့ရမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ က ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သိရှိနိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေကို လွတ်လပ်စွာ လေ့လာခွင့်ပြုဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် လို အဖွဲ့အစည်းတွေကလည်း မြန်မာ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ အဖွဲ့ကြီးက ကိုယ်စားလှယ်တွေကို မောင်တောမြို့နယ်ကို သွားရောက် လေ့လာခွင့်ပြုထား ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြန်လည် တုန့်ပြန် ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ