သတ်မှတ် အချိန်ပိုထက်ကျော် ခိုင်းတဲ့စက်ရုံတွေကို အရေးယူ

  • 2 နိုဝင်ဘာ 2016
Image caption အရေးယူခံရတဲ့ စက်ရုံအများသုဟာ အထည်ချုပ်စက်ရုံတွေလို့ ဆို

ရန်ကုန် စက်မှုဇုံတွေမှာရှိတဲ စက်ရုံအလုပ်ရုံ ၆၀ ကျော်ကို အလုပ်သမားအခွင့်ရေးတွေချိုးဖောက်မှုနဲ အစိုးရက အရေးယူထားပါတယ်။

ဒီစက်ရုံတွေဟာ အခုနှစ်အတွင်း ပြင်ဆင်လိုက်တဲ့ ဥပဒေနဲ့ ပထမဆုံးအရေးယူခံရတာ ဖြစ်ပါတယ်။

အများစုဟာ အထည်ချုပ်စက်ရုံတွေဖြစ်ကြပြီး တပတ်ကို အချိန်ပို နာရီ ၂၀ ထက်ကျော်ပြီး အလုပ်သမားတွေ ကိုခိုင်းစေတာကြောင့် ဖြစ်တယ်လို့ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

ဒီလို ခိုင်းစေတာတွေနဲ့ ပတ်သက်လို့ စက်ရုံတွေကို သူတို့ သာမန်ဝင် စစ်ဆေးတာမျိုးရှိသလို တိုင်ကြားမှုတွေရှိရင်လည်း စစ်ဆေးတယ်လို့ ပြောပါတယ်။

စစ်ဆေးလို့ ဥပဒေချိုးဖေါက်တာရှိရင် တရားစွဲပြီး ပြစ်မှုထင်ရှားရင် ငွေသိန်း ၂၀ ထက်မနည်း ဒဏ်ချတယ်လို့ ပြောပါတယ်။

ဒီစက်ရုံတွေထဲမှာ စက်ရုံ ၄၀ ကျော်ကို ပြစ်ဒဏ်တွေချမှတ်ပြီးဖြစ်ပြီး ကျန်စက်ရုံတွေကို စစ်ဆေးမှုတွေ လုပ် နေပါတယ်။

အများစုကတော့ လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှူဇုံတွေက ဖြစ်ကြပါတယ်။

အလုပ် သမားတွေအနေနဲ့လည်း သတ်မှတ်အလုပ်ချိန်ကို ကျော်ပြီး သဘောမတူဘဲခိုင်းရင်လည်း တိုင်ကြားလို့ရတယ်လို့ ဆိုပါတယ်။

အခုလို အရေးယူတာတွေရှိပေမယ့် အစိုးရဘက်က စစ်ဆေးတဲ့အရာရှိ အရေအတွက်နည်းတာကြောင့် တလကို စက်ရုံ ၂၀ ကျော်လောက်ပဲ စစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် စက်မှူဇုံက စက်ရုံတွေအကုန်လုံးကို မဖော်ထုတ်နိုင်သေးဘူးလို့ပြောနိုင်သလို ရန်ကုန်စက်မှူဇုံက တစ်ချို့စက်ရုံတွေဟာ အလုပ်သမားတွေနဲ့ ညှိပြီး အချိန်ပို လုပ်နေကြတာတွေလည်း ရှိနေကြပါတယ်။