ဂျပန် မြန်မာ အကူအညီပေးရေး အစီအစဉ် အကြောင်း မေးမြန်းချက်

  • 2 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် KIMIMASA MAYAMA
Image caption မြန်မာကို မိတ်ဆွေကောင်းနိုင်ငံအဖြစ် ဂျပန်က သဘောထား

ဂျပန်နိုင်ငံကို ၅ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဆို အာဘေးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စရပ်တွေနဲ့ ဂျပန်ဘက်က အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေး သဘောတူခဲ့ကြပါတယ်။

ဘယ်လို သဘောတူညီမှုတွေ ပါဝင်လဲဆိုတာကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ယာဆူဟီဆာ ကာဝါမူရာ Yasuhisa Kawamura ကို ကိုမိုးမြင့်က မေးကြည့်ထားပါတယ်။

ပထမဆုံး ခေါင်းဆောင် ၂ ဦးအနေနဲ့ အဓိက ဘာတွေ သဘာတူခဲ့ပါသလဲလို့ မေးကြည့်တော့

၁။

ခေါင်းဆောင်တွေ သဘောတူညီတာကတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ရှေ့ဆက်ပြီး ပိုမိုလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ စက်တင်ဘာလတုန်းက ခေါင်းဆောင် ၂ ဦး လာအိုမှာ တွေ့တုန်းကလည်း ဂျပန်ဘက်က အကူအညီပေးဖို့ ကတိပေးခဲ့ပါတယ်။ အခုသဘောတူတာက အဲဒီတုန်းက အကူအညီအပါအဝင် ဆက်လက် ကူညီမယ့်ကိစ္စကို ဆွေးနွေးတာပါ။

နှစ်ဘက်ခေါင်းဆောင်တွေ တွေ့တဲ့အခါ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ငွေကြေးအကူအညီပေးဖို့ သဘောတူတယ်လို့ သိရပါတယ်။ဘယ်လို ကူညီမှာပါလဲ။

၂။

ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တခု ပြောချင်တာက အခုပေးမယ့် ငွေကြေးက အစိုးရခေါင်းဆောင်သစ် အောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွေအတွက် ခြုံငုံပြီးပေးတဲ့ အကူအညီမျိုး ဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေး ဆိုရာမှာ ဝန်ကြီးချုပ် အာဘေးက အချက် ၄ ချက်ထုတ်ပြောပါတယ်။ နံပါတ်တစ်က အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နံပါတ် ၂ က စီးပွားရေးဖွံ့ဖြိုးရေး၊ နံပါတ် ၃ က ပုဂ္ဂလိကကဏ္ဍမှာ တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ တိုးလာရေး နဲ့ နံပါတ် ၄ က နှစ်နိုင်ငံ နိုင်ငံသား အချင်းချင်းကြား ဆက်သွယ် ဆောင်ရွက်ရေးတွေ ဖြစ်ပါတယ်။ ဒီနေရာတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

အခု ပေးမယ့် ငွေကြေးပမာဏက ဘယ်လောက်ပါလဲ။ ဘယ်အပိုင်းတွေမှာ ဘယ်လောက်ကူညီဖို့ ရှိပါလဲ။

၃။

အခုလာမယ့် ၅ နှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၈ ထောင်လောက် ပေးမှာ ဖြစ်ပါတယ်။ ယန်းနဲ့ဆိုရင် ဘီလျံ ၈၀၀ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဂျပန်အစိုးရပိုင်း အကူအညီတစ်ခုတည်းက မဟုတ်ဘဲ ပုဂ္ဂလိကပိုင်း ကပါ ပါဝင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းတွေအနေနဲ့ဆို စိုက်ပျိုးရေး၊ လျှပ်စစ်ထုတ်လုပ်ရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ လူနည်းစု တိုင်းရင်းသားတွေ အတွက် အကူအညီပေးရေးတွေ ပါပါတယ်။ အထူးစီးပွားရေးဇုန် ကိစ္စ လည်း ပါပါတယ်။ ဘယ်အပိုင်းတွေမှာ ငွေကြေးပမာဏ ဘယ်လောက်ရှိတယ် ဆိုတာ အတိအကျ တွက်ဖို့ လိုပါသေးတယ်။ ဒါပေမယ့် အမျိုးသား ရင်ကြားစေ့ရေး အတွက် နောက် ၅ နှစ်အတွင်း ယန်း ဘီလျံ ၄၀ ကူညီဖို့ ရှိပါတယ်။ နောက်ပြီး အခုပြောတဲ့ ယန်း ဘီလျံ ၈၀၀ ထဲမှာ ချေးငွေတွေလည်း ပါမှာ ဖြစ်သလို ပုဂ္ဂလိကပိုင်းက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အများကြီးလာဖို့ မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်။ ဂျပန်အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေပါပြီလဲ။

၄။

ပုဂ္ဂလိကပိုင်းက ဘယ်လောက်ရင်းနှီးမြှပ်နှံမယ်ဆိုတာက ပုဂ္ဂလိကပိုင်းရဲ့ အခြေအနေတွေအပေါ် မူတည်ပါတယ်။ ကိန်းဂဏန်းတချို့ပြောရရင်တော့ ဂျပန်ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာဆိုရင် ၂၀၁၃ တုန်းက ဒေါ်လာ ၅၆ သန်း၊ ၂၀၁၄ မှာ သန်း ၂၀၀ကျော် နဲ့ ၂၀၁၅ မှာ ၅၂၈ သန်းရှိပါတယ်။ ဒါကိုကြည့်ရင် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဘယ်လောက် တိုးလာနေသလဲဆိုတာ သိနိုင်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့စဉ်အတွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးကြောင်း ပြောခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ရင်းနှီးမြှုပ်နှံမှုဥပဒေပြင်ဆင်ပြီး ချဉ်းကပ်မှုပုံစံအသစ်နဲ့ သွားမှာကိုလည်း မစ္စတာ အာဘေးက ကြိုဆိုခဲ့ပါတယ်။ မြန်မာဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုကို အားပေးစေမယ့် ဥပဒေစည်းမျဉ်းတွေ၊ စနစ်တွေ ပိုမို အကောင်အထည်ဖော်လာမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။

မြန်မာအပေါ် ၊ နောက်ပြီး ဒေသတွင်းအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမှုကို တန်ပြန်ဖို့ ဂျပန်က ကြိုးစားနေတယ်ဆိုပြီး ပြောကြတာလည်း ရှိပါတယ်။ အခုလက်ရှိ မြန်မာအပေါ်ထားတဲ့ ဂျပန်ရဲ့ မူဝါဒက ဘာပါလဲ။

၅။

မြန်မာကိစ္စပြောရရင် ၂ ချက် ရှိပါတယ်။ ပထမတချက်က မဟာဗျူဟာကျတဲ့အချက်ပါ။ ဝန်ကြီးချုပ် အာဘေးကလည်း ပြောပါတယ်။ မြန်မာဟာ ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှအတွင်းမှာရော၊ အိန္ဒိယနဲ့ဆက်စပ်တဲ့ မဲခေါင်ဒေသမှာပါ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ ဂျပန်အနေနဲ့ ဒေသတွင်း အရေးအားလုံးကို ထည့်သွင်းစဉ်းစားပါတယ်။ ဒုတိယတစ်ချက်ကတော့ ဂျပန်နဲ့ မြန်မာကြား ဘုံသဘောထားအားဖြင့် လက်ခံထားတဲ့ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးမှု စတဲ့ တန်ဖိုးတွေ ရှိနေပါတယ်။ ဒါကြောင့် မြန်မာကို မိတ်ဆွေကောင်းနိုင်ငံအဖြစ် ဂျပန်က သဘောထားသလို အခု အစိုးရသစ်လက်ထက်မှာလည်း ဒီမိုကရေစီရေးက အားစရာ အနေအထား တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ