ကာချုပ်ကို ဝေဖန်မှုနဲ့ ကိုမျိုးရန်နောင်သိန်း စစ်ဆေးခံနေရ

  • 3 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဖေ့ဘွတ်မှာ ကာကွယ်ရေး ဦးစီးချုပ်ကို ဝေဖန်သရော် ရေးခဲ့ကြသူတွေ အပြစ်ပေးခံခဲ့ကြရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှုး ကိုမျိုးရန်နောင်သိန်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဝေဖန် ရေးသားခဲ့လို့ ဆိုပြီး လှိုင်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေပါတယ်။

သူ့ကို ညနေ သုံးနာရီလောက်က ခေါ်သွားခဲ့တာလို့ ကိုမျိုးရန်နောင်သိန်းရဲ့ မိခင် ဒေါ်ကြည်ကြည်စိန်က ပြောပါတယ်။

ဒီမိုကရေစီ နိုင်ငံဆိုပြီး လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ဆုံးရှုံးနေတယ်၊ နိုင်ငံသား တစ်ယောက် အနေနဲ့ ပြောဆိုဝေဖန် ပိုင်ခွင့် ရှိသင့်တယ်လို့ လည်း သူက ပြောပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း ကိုမျိုးရန်နောင်သိန်းကို ဆက်သွယ်ရေး ဥပဒေနဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ကြားရကြောင်း ပြောပါတယ်။

ကိုမျိုးရန်နောင်သိန်းနဲ့ ပတ်သက်လို့ တရားဥပဒေအရ ဆက်လက် ဆောင်ရွက်ရမှာ တွေကို NLD ဖက်က တာဝန်ယူ သွားမယ်လို့ ဦးဉာဏ်ဝင်းက ပါတယ်။

အန်အယ်လ်ဒီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က တိုင်တန်းတဲ့ အတွက် ပုဒ်မ ၆၆ ဃ ဆက်သွယ်ရေး ဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးတာလို့ ဆိုကြပါတယ်။

လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းက အမှုကိစ္စ တခုအတွက် လှိုင်ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးနေတာမှန်ကန်တယ်လို့ ပြောပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဝေဖန် သရော်တာတွေ ရေးသား ခဲ့တဲ့အတွက် ကချင် တိုင်းရင်းသား ကိုပက်ထရစ် ကွမ်ဂျာလီနဲ့ မချောစန္ဒီထွန်းတို့ ထောင်ဒဏ် ၆ လစီ အပြစ်ပေး ခံရဖူးပါတယ်။

ကြက်ဖကြီးဆိုတဲ့ ဖေ့ဘုတ် အကောင့်ပိုင်ရှင် ဦးလှဖုန်းကိုလည်း ဖမ်းဆီးထားပြီး လာမယ့် နိုဝင်ဘာ ၁၁ ရက်မှာ အပြီးသတ် အမိန့်ချမှတ်ဖို့ ရှိပါတယ်။