ရတနာ ရောင်ခြည် ကျောက်စိမ်း ကုမ္ပဏီ ဝင်းအတွင်း ပေါက်ကွဲမှုဖြစ်

  • 3 နိုဝင်ဘာ 2016
Image caption တူးလက်စ ကျောက်စိမ်းမှော် တခု ကို မြင်တွေ့ရပုံ

ကချင်ပြည်နယ် ဖားကန့်ဒေသ အတွင်းမှာရှိတဲ့ ပုဂ္ဂလိကပိုင် ရတနာ ရောင်ခြည် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီပိုင် ဝင်းတခု အတွင်းမှာ နိုဝင်ဘာ၂ ရက် ညဦးပိုင်းက အမည်မသိ လက်နက်ကိုင် လူတစုကနေ လက်လုပ်မိုင်းတွေနဲ့ ဖောက်ခွဲခဲ့လို့ ဂိုဒေါင်တလုံးနဲ့ ကား ၃စီး မီးလောင် ပျက်စီးခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း ၉လုံးလည်း သက်ဆိုင်ရာက တွေ့ရှိ သိမ်းဆည်းထား တယ်လို့ သိရပါတယ်။

မိုင်းဗုံးကွဲမှုကြောင့် လူအထိအခိုက်မရှိဘူး ဆိုတဲ့ သတင်းတွေ လည်း ရရှိပါတယ်။

တိုက်ခိုက်ခံရတဲ့ ဂိုဒေါင်ထဲမှာတော့ ကားတာယာ အသစ်တွေ သိမ်းဆည်းထားတာလို့ ဆိုကြပါတယ်။

ဒေသခံတွေကြားမှာ ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့ရဲ့လက်ချက် ဖြစ်နိုင်သလို အစိုးရ စစ်တပ် ရဲ့လက်ချက်လည်း ဖြစ်နိုင်တယ် ဆိုပြီး ခန့်မှန်းပြောဆိုနေကြပါတယ်။

ဘီဘီစီက အဲဒီဒေသမှာရှိတဲ့ ကေအိုင်အေ တပ်ရင်း၆ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးတန်စန်း က သူတို့ ကေအိုင်အေတပ်ဖွဲ့တွေ ရဲ့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုပါတယ်။

ဗိုလ်မှူးတန်စန်းက သူတို့နဲ့ ကုမ္ပဏီတွေကြား၊ သူတို့နဲ့ အစိုးရ စစ်တပ်အကြား နားလည်မှုလွဲမှားအောင် ကြံစည်လုပ်ဆောင်ချက် သက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘီဘီစီက ဖားကန့်မြို့မရဲစခန်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် တာဝန်ခံဖြေဆိုပေးမယ့်သူမရှိကြောင်း ငြင်းဆိုတဲ့အတွက် ရဲတပ်ဖွဲ့ဖက်က စုံစမ်းဖေါ်ထုတ်ချက် ကိုတော့ အခုအချိန်မှ မသိရသေးပါဘူး။