သက်သေ မလုံလောက်ခင် စွပ်စွဲတာတွေ မပြုလုပ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

  • 4 နိုဝင်ဘာ 2016
Image caption ဂျပန် ထိပ်တန်း စီးပွားရေး သမားတွေ တည်ခင်းတဲ့ နေ့လယ်စာ စားပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ရခိုင် ပြည်နယ် အရေး အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဂျပန် နိုင်ငံရောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ဆိုခဲ့တာမှာ သက်သေ အထောက်အထားတွေ အပြည့်အစုံ မရှိခင်မှာ ဘယ်သူ တစ်ဦး တစ်ယောက်ကိုမှ စွပ်စွဲ အပြစ်တင်တာတွေ မပြုလုပ် မိစေဖို့ မြန်မာ အစိုးရ အနေနဲ့ သတိထား ကိုင်တွယ် နေတယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရကို လက်တွေ့အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ငါးရက်တာ ဂျပန် ခရီးစဉ် အတွင်း ဂျပန် စီးပွားရေး အသိုင်းအဝိုင်းက ဦးစီးဦးဆောင် သူတွေနဲ့ တွေ့ဆုံတဲ့ ပွဲမှာ သတင်း မီဒီယာတွေကို ပြောခဲ့တာပါ။

ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ရှိထားသမျှ သတင်း အချက်အလက်တွေ အားလုံးကို မြန်မာအစိုးရရဲ့ သက်ဆိုင်ရာ ပြန်ကြားရေး ဌာနကနေ ထုတ်ပြန် ပေးနေပြီး၊ အဖြစ်အပျက်တွေရဲ့ အခြေခံ အကြောင်းအရင်း အထိ ရောက်အောင် သွားနိုင်ဖို့ ကြိုးစား နေတယ် လို့လည်း ဆိုပါတယ်။

မြန်မာ အာဏာပိုင်တွေ ထံမှာ လုံလောက်တဲ့ သက်သေတွေ မရှိသေးတာကြောင့် ၊ အပြစ်ရှိကြောင်း သက်သေ မပြသ နိုင်သေးခင် လူတိုင်းဟာ အပြစ်မဲ့တယ်လို့ ယူဆရမယ့် ဥပဒေထုံး အတိုင်း ဘယ် အဖွဲ့အစည်းကိုမှ ဘယ်လို လှုပ်ရှားမှုတွေ လုပ်ဆောင် နေတယ်လို့ စွပ်စွဲမှာ မဟုတ်ဘူး ဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နဲ့ နယ်စပ်အနီး နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက်ခံခဲ့ ရပြီးတဲ့နောက် မြန်မာ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲ မှာတော့ ကျူးလွန်သူတွေဟာ RSO အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ မောင်တော ဒေသထဲမှာ လှုပ်ရှားတဲ့ အကာလ်မူလ် မူဂျာဟီဒင်န် အဖွဲ့ ဖြစ်တယ် ဆိုပြီး အဖွဲ့အစည်း နာမည်နဲ့ တကွ ပြောဆို ထားနှင့်ပြီး ဖြစ်ပါတယ်။

အခုလို သက်သ အထောက်အထားတွေ မပြည့်စုံသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလာမှု အပေါ်မှာတော့ နိုင်ငံတော် သမ္မတရုံးရဲ့ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဖြစ်တဲ့ ဦးဇော်ဌေးက အစိုးရရဲ့ ကနဦး ထုတ်ပြန်ချက် ဖြစ်တဲ့ အဖွဲ့အစည်း နာမည်တပ် ပြောဆိုမှု အပေါ် ထပ်လောင်း အတည်ပြုခဲ့ပြီး နောက်ဆက်တွဲ စုံစမ်းမှု တွေ ဆက်လက် ပြုလုပ်နေတယ် လို့ ဆိုပါတယ်။

နောက်ထပ် စိစစ်မှုတွေကနေ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ ထပ်မံ ရရှိ လာပြီဆိုရင် အများပြည်သူနဲ့ နိုင်ငံတကာကို ထပ်မံ အသိပေးမှာ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။

နယ်ခြားစောင့် စခန်းတွေ အတိုက်အခိုက် ခံခဲ့ ရပြီးတဲ့နောက် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရာမှာ မွတ်ဆလင်မ် အရပ်သားတွေ ပစ်မှတ်ထား ခံခဲ့ရတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှု တွေလည်း ပေါ်ပေါက် နေတဲ့ အတွက် မောင်တော ဒေသကို သွားရောက် လေ့လာ ခဲ့ကြတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံအရာရှိ တွေက လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှု တစ်ရပ် ပြုလုပ်ဖို့ တောင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ