ရန်ကုန် မြို့သစ် စီမံကိန်း ဆက်လက်ဆောင်ရွယ်မယ်

  • 5 နိုဝင်ဘာ 2016
Image caption ယာယီရပ်ဆိုင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ကြားက အကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ အစိုးရက ဆုံးဖြတ်ခဲ့

အရင် တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်က ပြောပါတယ်။

ဒီစီမံကိန်း နဲ့ ပတ်သက်လို့ ကန့်ကွက် မှုတွေရှိခဲ့လို့ ယာယီရပ်ဆိုင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ကြားက အကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ အစိုးရက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကြည့်မြင်တိုင်၊ တွံတေး နဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်တွေမှာ တည်ဆောက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို ကို ဆက်လက် အကောင်အထည်ဖော်ဖို့ တိုင်းဒေသကြီး အစိုးရကနေ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မြို့သစ်စီမံကိန်း အတွက် အရေးပါတဲ့ ရေ၊ မီး၊ လမ်း၊ တံတား၊ အဆောက်အဦးစတဲ့ အချက်တွေနဲ့ မာစတာ ပလန်ကို လောလောဆယ်မှာ အသေးစိတ်ရေးဆွဲနေတယ်ဆိုပြီး မြို့ တော်ဝန် ဦးမောင်မောင်စိုးက တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မြို့သစ်စီမံကိန်း နဲ့ ပတ်သက်လို့ ဒေသခံ တွေအတွက် အကျိုးရှိမှာ ဖြစ်ပြီး မသမာမှုတွေ မဖြစ်ပေါ်ဖို့ အရေးကြီးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြောပါတယ်။

မြို့သစ် စီမံကိန်းကို ပြီးခဲ့တဲ့ (၂၀၁၄) ခုနှစ် ရန်ကုန်တိုင်း လွှတ်တော်မှာ အရင် အစိုးရတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက တင်သွင်းခဲ့ပေမယ့် ပွင့်လင်း မြင်သာမှုမရှိဘူးဆိုပြီး အကြီးအကျယ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ ပြီးတဲ့နောက် စီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း မြို့သစ် စီမံကိန်း ကို အရင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd၊ ရွှေပုပ္ပား ဆောက်လုပ်ရေး ကုမ္ပဏီ (၃)ခုကို မြို့သစ်စီမံကိန်း ဆောက်ဖို့ တင်ဒါချပေး ခဲ့ပါတယ်။

မြို့သစ်စီမံကိန်း နဲ့ပတ်သက်လို့ လုပ်ငန်းရှင် တွေ ရင်းနှီးမယ့် ငွေတွေက ငွေဖြူ ဖြစ်ကြောင်း မပြသ နိုင်ခဲ့တဲ့ အတွက် ကန့်ကွက် ခဲ့ရတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

တိုင်းအစိုးရကနေ အကောင်အထည်ဖော်မယ့် ရန်ကုန်မြို့ပြ ဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀) ရဲ့ စီမံကိန်း (၇)ခုမှာ ဒီမြို့သစ် စီမံကိန်း ဟာ ဦးစားပေး အဆင့်(၂)မှာ ရှိပြီး ဒီစီမံကိန်း ကို စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

ရန်ကုန် မြို့သစ်စီမံကိန်းဟာ ဧက (၃)သောင်းကျော် အကျယ်အဝန်းရှိပြီး မြစ်ကူးတံတားတွေ၊ စီးပွားရေးဇုန်တွေ တန်ဖိုးနည်း တိုက်ခန်းပေါင်း (၂)သောင်း အပါအဝင် လူနေအိမ်ရာတွေ ထည့်သွင်း တည်ဆောက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ