အမေရိကန် ရွေးကောက်ပွဲ နဲ့ မြန်မာ့ ပါတီတွေရဲ့အမြင်

  • 6 နိုဝင်ဘာ 2016
Image caption NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က တော့ သမ္မတလောင်း (၂)ဦးထဲက ဒေါ်နယ် ထရမ့်ကို ပိုနှစ်သက်တယ်လို့ ပြော

နိုဝင်ဘာ ၈ ရက်နေ့ မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကို ကျင်းပမှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကို မြန်မာ နိုင်ငံသားတွေ အထူး စိတ်ဝင်စား ကြသလို နိုင်ငံရေးပါတီတွေ ဘက်ကလည်း စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။

အမေရိကန်သမိုင်းမှာ အကြိတ်အနယ် အရှိဆုံး ယှဉ်ပြိုင်ကြမယ့် ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် သမ္မတလောင်းတွေ နဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထား အမြင်တွေ ရှိနေကြပါတယ်။

ဒီရွေးကောက်ပွဲမှာ ဒီမိုကရက် ဘက်က ဝါရင့် နိုင်ငံရေး သမား ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလီကန် ဘက်က စီးပွားရေးသမား ဘီလျံနာ သူဌေးကြီး ဒေါ်နယ် ထရမ့် တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကတော့ ဒေါ်နယ် ထရမ့် ဟာ စိတ်အပြောင်းအလဲ မြန်သူ ဖြစ်တာကြောင့်သမ္မတ မဖြစ် ထိုက်ဘူးလို့ ပြောပါတယ်။

ဟီလာရီ ကလင်တန်ဟာလည်း မြန်မာပြည်ကို (၂)ကြိမ်ထက်မနည်း ရောက်ဖူးသူဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးသူ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ အိုဘားမား အစိုးရရဲ့နိုင်ငံခြားရေး မူဝါဒ အရ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံတယ်ဆိုပြီး မကြာခဏ ထုတ်ဖော်ပြောဆိုသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေး ပါတီကြီး တစ်ခု ဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီကတော့ အမျိုးသား ရေးကို ဦးစားပေးမဲဆွယ်တဲ့ ဒေါ်နယ်ထရမ့်ကို ပိုနှစ်သက်တဲ့ သဘောမျိုး ကို ကြံ့ခိုင်ရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်ရီက ပြောကြား ပါတယ်။

အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က တော့ သမ္မတလောင်း (၂)ဦးထဲက ဒေါ်နယ် ထရမ့်ကို ပိုနှစ်သက်တယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံက ပါတီ အသီးသီး ရဲ့ ခေါင်းဆောင် တွေကလည်း အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ ဘယ်သူ အနိုင်ရမလဲ ဆိုတာကို စိတ်ဝင်တစား ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ