မွတ်ဆလင် နှစ်ဦး အသတ်ခံရမှု စွပ်စွဲချက် ရခိုင်အစိုးရ ငြင်းဆို

  • 7 နိုဝင်ဘာ 2016
Image caption အသတ် ခံခဲ့ ရတဲ့ သတင်းတွေ မုဒိန်း ပြုကျင့် ခံရတဲ့ စွပ်စွဲချက်တွေကို ရခိုင်ပြည်နယ် အစိုးရ ကငြင်းဆို

ရခိုင်ပြည်နယ် မောင်တောမှာ အရပ်သား မွတ်ဆလင် အမျိုးသမီး တစ်ယောက်က သူ့ရဲ့ ၁၃ နှစ်နဲ့ ၁၈ နဲ့ အရွယ် သားနှစ် ယောက်ဟာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေရဲ့ ပစ်သတ် တာကို ခံခဲ့ရ တယ်လို့ ဘီဘီစီ ကနေ လျှို့ဝှက် သတင်း မှတ်တမ်း ရရှိခဲ့ ပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လ ၁ဝ ရက် နေ့ တုန်းက ဖြစ်ခဲ့ တာလို့ ဆိုပါတယ်။

အနောက်တိုင်း စာနယ်ဇင်း သမားတွေကို အဝင် မခံတဲ့ ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ထဲ အလားတူ အသတ် ခံခဲ့ ရတဲ့ သတင်းတွေ မုဒိန်း ပြုကျင့် ခံရတဲ့ အကြောင်း စွပ်စွဲချက် အများ အပြား ရှိနေ ပါတယ်။

ဒါပေမယ့်လို့ အခုလို စွပ်စွဲချက်တွေ အပေါ် ရခိုင်ပြည်နယ် အစိုးရ ကတော့ ငြင်းဆို လိုက်ပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက အခုလို ဖြစ်ခဲ့ရင် နီးစပ်ရာ ရဲစခန်း တွေမှာ တိုင်းကြား အမှုဖွင့် နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမှုဖွင့် တိုင်းကြားတာ မျိုး မရှိဘူး လို့လည်း သူက ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေက နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံရပြီး ရဲတပ်ဖွဲ့၀င် ၉ ဦး သေဆုံးကာ လက်နက် ခဲယမ်းတွေ ပါသွားတဲ့ အပေါ် တပ်မတော် အနေနဲ့ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့ နေရာမှာ တရားဥပဒေ တွေ အတိုင်း ဆောင်ရွက် နေတာ လို့ ပြောပါတယ်။

လက်နက်တွေ ပြန်ရရေးနဲ့ ကျူးလွန် သူတွေကို ဖမ်းဆီး နိုင်ဖို့ တပ်မတော်ရဲ့ ဆောင်ရွက် ချက်တွေ အပေါ် ပြန်ပြီး အန္တရာယ် ပြုတာ ခုခံတာ မျိုး လုပ်ရင်တော့ တပ်မတော်က ပစ်ခတ် တာမျိုး ရှိနိုင် တယ်လို့ လည်း သူက ဆိုပါတယ်။

မကြာခင်က သံတမန်တွေ အဲဒီ ဒေသကို သွားရောက် လေ့လာ ခဲ့တုန်းက အခုလို စွပ်စွဲချက် ဆိုင်းဘုတ်တွေ ကိုင်ပြီး ဆန္ဒဖေါ်ထုတ် တာတွေ ရှိခဲ့ပေမယ့် တကယ်တမ်း မေးကြည့်တော့ ဘာမှ ရေရေ ရာရာမရှိတာကို သံတမန်တွေ သိရှိခဲ့ရတယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်တယ် ဆိုတဲ့ အစိုးရ စစ်သားတွေ လက်ချက်နဲ့ အရပ်သား မွတ်ဆလင် အနည်းဆုံး အယောက် ၃ဝ သေဆုံး နိုင်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ