ဝန်ကြီးချုပ်နဲ့ ဒေါ်လာတစ်သိန်းတန် လက်ပတ်နာရီ

  • 8 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Phyo Min Thein facebook
Image caption Eleven Media ဆောင်းပါး ကိစ္စ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း

အလဲဗင်း သတင်းစာရဲ့ အယ်ဒီတာ့ အာဘော် ဆောင်းပါး တပုဒ်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် နဲ့ အလဲဗင်းမီဒီယာ တို့ကြား အပြန်အလှန် ပြောဆို ဖြေရှင်းချက်တွေ ထုတ်လာ နေကြပါတယ်။

နိုဝင်ဘာလ(၆)ရက်နေ့ထုတ် အလဲဗင်း သတင်းစာရဲ့ ဆောင်းပါးမှာ လစာ ဒေါ်လာ (၂၅၀ဝ) လောက် ရတဲ့ ဝန်ကြီးချုပ် တစ်ဦးက ဒေါ်လာ တစ်သိန်းခန့်တန်တဲ့ လက်ပတ်နာရီ ပတ်ထားတယ် ၊ ဒီလက်ပတ်နာရီ လက်ဆောင်ပေးသူ ဟာလည်း မူးယစ်ဆေးဝါး အမှုနဲ့ ထောင်က လွတ်လာပြီး မြို့သစ်စီမံကိန်း တင်ဒါ ရထားတဲ့ လုပ်ငန်းရှင် သူဌေးကြီး ဖြစ်တယ်လို့ ရေးသား ဖော်ပြထားပါတယ်။

ဒီဆောင်းပါးနဲ့ ပတ်သက်လို့ အမျိုးမျိုး ဝေဖန်မှုတွေ ထွက်နေပြီး ရန်ကုန်တိုင်းအစိုးရဘက်ကလည်း အလဲဗင်း မီဒီယာဆီ မေးမြန်းမှုတွေ ရှိနေပါတယ်။

အခု ရန်ကုန်တိုင်း အစိုးရက မေးမြန်း ဖြေရှင်းချက်တောင်းတာဟာ ပဏာမ ခြေလှမ်း ဖြစ်တယ် ၊ ဒုတိယ အဆင့် အနေနဲ့ ဦးဖြိုးမင်းသိန်း က တရားစွဲသွားလိမ့်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဦးဝင်းထိန် က ဘီဘီစီကို ပြောပါတယ်။

Eleven မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရဖက်က မေးမြန်းမှုတွေ ရှိလာတာဟာ သတင်းကျင့်၀တ်နဲ့ အညီ ရပ်တည်နေတဲ့ မီဒီယာ အဖွဲ့အစည်း တခုအပေါ် ဖိအားပေးတဲ့ သဘော သက်ရောက်နေတယ်လို့ Eleven မီဒီယာ က ထုတ်ပြန်တဲ့ စာမှာ ဖော်ပြထားပါတယ်။

သူတို့အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ အမည်ကို တိုက်ရိုက် သုံးနှုန်း ရေးသားခဲ့ခြင်း မရှိပါလို့ Eleven Media ဘက်က ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့ အနေနဲ့ ဒီကိစ္စကို ဥပဒေကြောင်းအရ ဖြေရှင်းမယ်လို့ Eleven Media ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးဝေဖြိုးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နို၀င်ဘာ ၉ ရက်နေ့မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ လုပ်ငန်းရှင် သူဌေး ဦးမောင်ဝိတ်တို့က သီးခြားစီ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိနေပါတယ်။