Eleven ကို ရန်ကုန် ဝန်ကြီးချုပ် တရားစွဲ

  • 9 နိုဝင်ဘာ 2016
Image caption ၆၆(ဃ) နဲ့ အရေးယူမယ်ဆိုရင် အခု အမှုက မီဒီယာ တွေ ကြားမှာ ပထမဦးဆုံး အရေးယူ ခံရတဲ့ အမှု ဖြစ်လာ

Eleven သတင်းစာမှာ ပါရှိတဲ့ ရွေးကောက်ပွဲ တစ်နှစ်ကြာသော် ဆောင်းပါးမှာ ဝန်ကြီးချုပ်ကို ဒေါ်လာ တစ်သိန်း နာရီ လက်ဆောင် ပေးတဲ့ ရေးသားမှု နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရက Eleven စီအီးအို ဦးသန်းထွဋ်အောင် နဲ့ တာဝန် ရှိသူတွေကို မနေ့က ရဲစခန်းမှာ အမှုဖွင့် တိုင်ကြား ခဲ့ပါတယ်။

Eleven Media CEO ဦးသန်းထွဋ်အောင် နဲ့ တာဝန် ရှိသူတွေကို တာမွေ မြို့နယ် ရဲစခန်းမှာ အမှုအမှတ် ၈၉၃/၂၀၁၆ ပုဒ်မ ၆၆(ဃ) အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ဒါ့အပြင် မြန်မာ သတင်းမီဒီယာ ကောင်စီကိုလည်း အရေးယူပေးဖို့ တိုင်ကြား ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ၆၆(ဃ) နဲ့ သတင်း မီဒီယာ တစ်ခု ကို တရားစွဲ တာက အခုအမှု က ပထမဆုံး ဖြစ်တယ်လို့ သတင်းမီဒီယာ ကောင်စီ အငြင်းပွားမှု ဆိုင်ရာ ဖြေရှင်းရေး ကော်မတီဝင် ဦးမြင့်ကျော်က ပြောပါတယ်။

ဒါပေမယ့် ဘယ်ရေးသားဖော်ပြမှု ကို မူတည်ပြီး တိုင်ကြား တာလည်း ဆိုတာ အခု ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဦးမြင့်ကျော်က ဆက်လက် ပြောကြားပါတယ်။

Eleven media က တာဝန်ရှိသူတွေရဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ Facebook အကောင့်မှာ တင်ခဲ့တဲ့တာကို ပြောတာလား၊ ဒါမှမဟုတ် သတင်းစာမှာ ပါရှိတဲ့ ဆောင်းပါး ကို အခြေခံပြီး တရားစွဲ တာလားဆိုတာ မသဲကွဲဘူးလို့ ဆိုပါတယ်။

၆၆(ဃ) နဲ့ တရားစွဲဆိုတဲ့ အမှုမှာ ဥပဒေ အရ ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ကို အပြစ်ပေး နိုင်တယ်လ်ို့ သိရပါတယ်။ လောလောဆယ် ၆၆ (ဃ) နဲ့ အရေးယူ ခဲ့တဲ့ အမှုတွေမှာတော့ ခြောက်လ၊ သုံးလ အပြစ်ပေး ခဲ့တာကိုလည်း တွေ့ရပါတယ်။

သတင်းဌာန တစ်ခု ကို ၆၆(ဃ) နဲ့ အရေးယူမယ်ဆိုရင် အခု အမှုက မီဒီယာ တွေ ကြားမှာ ပထမဦးဆုံး အရေးယူ ခံရတဲ့ အမှု ဖြစ်လာမှာပါ။

သတင်းမီဒီယာ ကောင်စီ အနေနဲ့ တိုင်ကြားတဲ့ လူဘက်က အချက်အလက်တွေ ပြည့်စုံအောင် ထပ်မံ တောင်းဆို သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးက ညွှန်ကြားရေးမှူး ဦးမိုးဟိန်း က တိုင်ကြား ထားတာလည်း ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD က ပြန်ကြားရေး တာဝန်ခံ ဦးဝင်းထိန် နဲ့ ဘီဘီစီ တို့ တွေ့ဆုံ မေးမြန်းခန်း က ပြောဆိုချက်တွေမှာလည်း ကွဲလွဲ ချက်တွေ ရှိနေတဲ့ အတွက် ဥပဒေ အရ အရေးယူသွားမယ်လို့လည်း Eleven Media အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ