မြစ်ဆုံရပ်ဖို့ တစ်ဦးချင်း သဘောထားတွေ ပေးထားကြောင်း ကော်မရှင်ဝင် တချို့ ပြော

  • 11 နိုဝင်ဘာ 2016
Image caption ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း NLD အစိုးရ ဘယ်လို ဆုံးဖြတ် မလဲ

ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း အပေါ် လေ့လာ သုံးသပ်ဖို့ လက်ရှိ အစိုးရက ဖွဲ့ထားတဲ့ ကော်မရှင်က သမ္မတ ထံ အစီရင်ခံစာ တစ်စောင် နိုဝင်ဘာ ၁၁ ရက် သောကြာနေ့က တင်သွင်း လိုက်ပြီ ဖြစ်ပေမယ့် အစီရင်ခံစာပါ အချက်အလက်တွေ ကိုတော့ အများပြည်သူကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် ကော်မရှင် အဖွဲ့ဝင် တချို့ကတော့ မြစ်ဆုံ စီမံကိန်း ဆက်မလုပ်ဖို့ သူတို့ရဲ့ တစ်ဦးချင်း သဘောထား တွေ တင်ပြထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကော်မရှင် တင်သွင်းတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လောလောဆယ် သတင်းထုတ်ပြန်မှာ မဟုတ်ပဲ စောင့်ကြဖို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ရေအားလျှပ်စစ် ထုတ်ယူဖို့ ရည်ရွယ်တဲ့ ဒီ မြစ်ဆုံ စီမံကိန်းကို စစ်အစိုးရလက်ထက် ၂ဝဝ၉ ခုနှစ်တုန်းက တရုတ် အစိုးရပိုင် CPI ကုမ္ပဏီနဲ့ကြား စာချုပ် ချုပ်ထားတာ ဖြစ်ပါတယ်။

ဒေသခံတွေနဲ့ ပညာရှင်တွေရဲ့ ကန့်ကွက်သံတွေ ဆူညံ လာခဲ့တဲ့နောက် ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ဒီ စီမံကိန်းကို ဆိုင်းငံ့ ထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာချိန်မှာ တရုတ် ကုမ္ပဏီ ဘက်က မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ပြောလာခဲ့ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် မတိုင်ခင် "ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင်" ဆိုပြီး ဩဂုတ်လ ၂ဝ၁၆ ခုနှစ်မှာ ဖွဲ့စည်း ပေးခဲ့ပါတယ်။

ကော်မရှင်ဝင်တွေဟာ မြစ်ဆုံ ဒေသ ကွင်းဆင်းမှုတွေ ရှိခဲ့ပေမယ့် ဒေသခံတွေ ဘက်က သူတို့ရဲ့ အခြေအနေတွေ၊ စိုးရိမ်မှုတွေ ပြောဖို့ အခွင့်မသာ ခဲ့ဘူး ဆိုတဲ့ အသံတွေလည်း ထွက်ပေါ် ခဲ့ပါတယ်။

မြစ်ဆုံ စီမံကိန်း လုံးဝ ပယ်ဖျက် ရပ်ဆိုင်းဖို့ တောင်းဆို လှုပ်ရှားမှုတွေ ပြည်တွင်းမှာ အစဉ်တဆက် ရှိနေပြီး၊ တစ်ဘက်မှာလည်း နိုင်ငံတကာ စာချုပ်ကို အလွယ်တကူ မပယ်ဖျက်သင်တဲ့ အယူအဆမျိုးနဲ့ ဧရာဝတီမြစ်နဲ့ ပတ်ဝန်းကျင် သဘာဝ မပျက်စီး မထိခိုက် စေရအောင် အသေအချာ ထိန်းချုပ် နိုင်မယ်ဆို မြစ်ဆုံ စီမံကိန်း လုံးဝ ရပ်စရာ မလိုဘူး ဆိုတဲ့ ရှုထောင့် အမြင်မျိုးလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ