ရခိုင်အမျိုးသား ပါတီ ညီလာခံမှာ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ဖို့အရေး ဆွေးနွေး

  • 11 နိုဝင်ဘာ 2016
Image caption ရခိုင် အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ကိစ္စ ကို ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ပြည်သူ့ လွှတ်တော် တစ်နေရာ လစ်လပ်နေပြီးအဲဒီနေရာ အတွက် သူတို့ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မနေ့က စတင်ကျင်းပပြီး နှစ်ရက်တာ ကြာမယ့် ဒီ အစည်းအဝေးကို စစ်တွေမြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ ၂၀၁၇ မှာ ကျင်းပမယ့် ပါတီ ညီလာခံ အတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ဖို့ အကြောင်း အပြင် မောင်တောမြို့နယ်မှာ ရခိုင် တိုင်းရင်းသားတွေ တွေ့ကြုံနေရတဲ့ လုံခြုံရေး ၊ လူမှုရေးနဲ့ စီးပွားရေး အခက်အခဲတွေကို ဘယ်လို ဝိုင်းဝန်း ကြိုးပမ်း ဖြေရှင်းပေးမလဲ ဆိုတာတွေကို ပါ ဆွေးနွေးခဲ့ကြတယ်လို့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ထင်ရှားတဲ့ ပါတီခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးအေးသာအောင် တက်ရောက်လာခြင်းမရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ