NLDဗဟိုအလုပ်အမှုဆောင်သစ်တွေ ခန့်အပ်

  • 12 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် ShweInnThar KhinMgWin
Image caption ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ လစ်လပ် (၁၉)နေရာစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီအစည်းအဝေးကို ရန်ကုန်မြို့ရွှေဂုံတိုင်က အဖွဲ့ချုပ် ဗဟိုရုံးမှာ ကျင်းပခဲ့ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက ဝန်ကြီးချုပ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ ဒေသအလိုက် အစီရင်ခံစာတင်သွင်းတာ၊ အရန် ဗဟိုအလုပ်အမှုဆောင် နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေ ခန့်အပ် အတည်ပြုတာတွေလည်း လုပ်ခဲ့ပါတယ်။

အစည်းအဝေးအပြီးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီတို့ အပါအဝင် NLDပါတီဝင် တိုင်းနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေနဲ့ ဒေသတွင်း လွှတ်တော် ဥက္ကဌတွေဟာ NLDပါတီ ဗဟိုကော်မတီဝင်တွေ ဖြစ်လာကြပါတယ်။

ဒီအစည်းအဝေးမှာ ပါတီဝင်၊ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ အကြား ပွတ်တိုက်မှုတွေကို ဖြေလျော့ဖို့ ဆွေးနွေးခဲ့တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ လစ်လပ် (၁၉)နေရာစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေကို ဒီလ ၂၃ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

NLDပါတီဝင်တွေကို တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ဒီအစည်းအဝေးမှာ ဆွေးနွေးမှု မလုပ်ခဲ့ပေမယ့် တိုင်ကြားစာတွေကို ဆက်လက် စီစစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ပါတီ သုတေသနဌာန ဒုတိယ တာဝန်ခံ ဦးမျိုးရန်နောင်သိန်းရဲ့ အမှုနဲ့ ပတ်သက်ပြီးတော့လည်း ပြန်လွတ်လာဖို့အတွက် ပါတီရဲ့ ဗဟိုဥပဒေအကျိုးဆောင်အဖွဲ့က ဦးကျော်ဟိုးကို တာဝန်ပေးထားတယ်လို့ ဦးမျိုးညွန့်က ပြောပါတယ်။

ဒီအစည်းအဝေးကနေ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေအနေနဲ့ အဂတိအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့၊ ပြည်နယ်နဲ့ တိုင်းအလိုက် အစိုးရချပေးတဲ့ ဘတ်ဂျက်တွေကို သင့်သလို သုံးစွဲဖို့၊ ငြိမ်းချမ်းရေးကိစ္စကို ဝိုင်းဝန်းဆောင်ရွက်ဖို့ စတဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ