ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကို ကိုဖီအာနန် စိုးရိမ်

  • 15 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption ရခိုင်ပြည်နယ် က လုံခြုံရေး တပ်သားသစ်တွေ

လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် အတွင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းကြောင်းနဲ့ လုံခြုံရေး ဆောင်ရွက်နေကြသူတွေ တရားဥပဒေနဲ့ အညီ ဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ ဥက္ကဋ္ဌ ကိုဖီ အာနန်က တိုက်တွန်း လိုက်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လူမျိုးတွေကြား ပေါင်းစည်း ညီညွတ်မှု ဖြစ်စေမယ့် ပတ်ဝန်းကျင်ကို အကြမ်းဖက်မှုတွေကနေ ဖန်တီးလို့ ရမှာ မဟုတ်ဘူး လို့လည်း သူက ပြောပါတယ်။

တခါ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR ကလည်း ရခိုင်ပြည်နယ်အတွင်း လက်ရှိ အခြေ အနေတွေကို စိုးရိမ် မကင်းကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက် တွေကို ယုံကြည် စိတ်ချရတဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နောက်ထပ် သွေးထွက် သံယိုမှုတွေကို မြန်မာ အစိုးရ အနေနဲ့ တားဆီးနိုင်စွမ်း မရှိရင်၊ ဒါမှ မဟုတ် လုံခြုံရေး တပ်ဖွဲ့ တွေက ထိန်းချုပ်နိုင်စွမ်း မရှိရင် ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပါဝင် ဆောင်ရွက်ဖို့ တာဝန်ရှိလာပြီ လို့လည်း APHR က ပြောပါတယ်။

မြန်မာ အစိုးရ ဘက်က တော့ ဒီလို စွပ်စွဲမှုတွေ ကို ပြန်လည် စိစစ် နေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ် ခေါင်းဆောင်ပိုင်း ဆွေးနွေးပြီး အဆင့်ဆင့် ကြပ်မတ် နေတယ်လို့လည်း ဆိုပါတယ်။

ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် ဘက်အားလုံးက အကြမ်းဖက်မှုတွေကို စွန့်လွှတ်ဖို့ ကိုဖီအာနန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ တာဝန်ဟာ အကြံပေးဖို့သာ ဖြစ်ပြီး အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ မဟုတ်ဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KHINE HTOO MRAT
Image caption လူမျိုးတွေကြား ပေါင်းစည်း ညီညွတ်မှု ဖြစ်စေမယ့် ပတ်ဝန်းကျင်လိုအပ်

ကော်မရှင် စစ်တွေ ရောက်

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် အဖွဲ့ဝင်တွေဟာ နယ်သာလန် သံအမတ်ဟောင်း အမျိုးသမီး မစ္စ တစ်ရှာဗင် ဒင်အာဆမ်နဲ့ အတူ အင်္ဂါ နေ့နေ့လယ်က စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲက တနာရီခန့်ကြာမြှင့်ခဲ့ပြီး ရခိုင်အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဘက် အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အကြံပေးကော်မရှင်က မောင်တောမြို့နယ်မှာ နေထိုင်တဲ့ ရခိုင်လူမျိုးတွေ အပေါ် တဘက် အသိုင်းအဝိုင်းကနေ နှင်ထုတ်နေတယ်ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေက ပြန်လည် ဖြေကြားခဲ့တယ်လို့ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ က ပြောပါတယ်။

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် အဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့မှာ စစ်တွေမြို့မှာရှိတဲ့ ရခိုင်နဲ့ မူဆလင် IDP စခန်းတွေကို သွားရောက် လေ့လာမှာ ဖြစ်သလို မြေပုံဘက်ကို သွားမယ့် အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။

ခရီးစဉ် အတွင်း မောင်တောဘက်ကို သွားမလား၊ မသွားဘူးလား ဆိုတာကတော့ တိတိကျကျ မသိရှိရသေးဘူးလို့ ဝန်ကြီးက ပြောပါတယ် ။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption မောင်တောမြို့နား ပျံသန်းနေတဲ့ တပ် ရဟတ်ယာဉ် တစင်း

သေဆုံးသူ ၆၉ ယောက်

ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်း နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက်ခံရတဲ့ အောက်တိုဘာလ ၉ ရက်နေ့က စတင်ပြီး နယ်မြေ ရှင်းလင်းရေးတွေ ဆောင်ရွက်နေခဲ့ရာမှာ နေ နိုဝင်ဘာလ ၁၄ ရက်နေ့ အထိ အကြမ်းဖက် တိုက်ခိုက်သူတွေ ဖက်က စုစုပေါင်း သေဆုံးသူ ၆၉ ယောက် ရှိခဲ့တယ်လို့ တပ်မတော် ဘက်က သတင်း ထုတ်ပြန်ပါတယ်။

တုတ်၊ ဓား လက်နက် တွေနဲ့ အကြမ်းဖက် တိုက်ခိုက်ဖို့ ပြင်ဆင်နေသူတွေ နဲ့ အကြမ်းဖက် သင်တန်း တက်ရောက်ထားသူ တွေ အပါအဝင် ဖမ်းဆီး မိသူ ၂၃၄ ယောက် ရှိတယ်လို့ လည်း ဆိုပါတယ်။

တပ်မတော်ဘက် ကတော့ စစ်ကြောင်းမှူး အပါအဝင် အရာရှိနဲ့ စစ်သည် ၇ ယောက် ကျဆုံး ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၀ ယောက် သေဆုံး ခဲ့တယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ