ရန်ကုန်က လမ်းဘေး ဆိုင်တွေ ညစျေး ပို့မယ်

  • 15 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် Shwe In Thar Khin Maung Win
Image caption ရန်ကုန်မြို့က လမ်းမ ပေါ်မှာ တွေ့ရတဲ့ စျေးဆိုင်များ

ဆိုင်ခန်းပေါင်း ၁၆၀၀ ပါဝင်မယ့် ညဈေးတန်း တစ်ခုကို လာမယ့် သီတင်းပတ် ထဲမှာ ဖွင့်ဖို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြင်ဆင်နေ ပါတယ်။

အဲဒီ စျေးဖက်ကို ပြောင်းရွှေ့ရမယ့် စျေးသည်တွေက ရန်ကုန်မြို့လယ်ခေါင် အဓိက လမ်းမကြီး လေးခုဖြစ်တဲ့ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ အနော်ရထာ လမ်းမ တွေပေါ်မှာ ရောင်းချ နေတဲ့ လမ်းဘေး ဈေးသည်တွေ ဖြစ်ပါတယ်။

ညစျေးသစ်မှာ စျေးသည်တွေက ညနေ ၃ နာရီ ကနေ ည ၁၁ နာရီအထိ ရောင်းချခွင့် ရမှာ ဖြစ်ပါတယ်။

လမ်းမကြီးတွေရဲ့ ပလက်ဖောင်း ပေါ်မှာ ရောင်းချနေတဲ့ စျေးသည် တွေကြောင့် လူတွေ သွားလာရ ခက်ခဲမှုနဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ သက်သာစေဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ စည်ပင် သာယာရေး ကော်မတီက ပြောပါတယ်။

လမ်းကြားတွေမှာ ရောင်းနေတဲ့ စျေးသည်တွေ အားလုံး ကိုတော့ မပြောင်းနိုင်သေးဘဲ လောလောဆယ် လမ်းမပိတ်စေဖို့ စနစ်တကျ ဖြစ်အောင်သာ ဆောင်ရွက်ပေး နေတယ်လို့ ဆိုပါတယ်။

ညဈေးတန်း နေရာမှာ ပြောင်းရွှေ့ ရောင်းချ ကြမယ့် မြို့လယ်ခေါင်က လမ်းဘေး ဈေးသည်တွေ အနေနဲ့ ဆိုင်ခန်းခနဲ့ စျေးကောက် ပေးစရာ မလိုဘဲ သူတို့ သုံးတဲ့ ရေဖိုးနဲ့ မီတာခ ၊ အမှိုက်ခွန် အတွက် ကိုသာ ပေးကြရ မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

လောလောဆယ် လမ်းမကြီး လေးခုမှာ ရောင်းနေတဲ့ လမ်းဘေး စျေးသည်တွေကိုသာ နေရာ ရွှေ့တာ ဖြစ်ပြီး ရန်ကုန် တစ်မြို့လုံးမှာ ရှိတဲ့ လမ်းဘေး စျေးသည်တွေနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒေသခံတွေအပြင် မြို့ပြ တည်ဆောက်ရေး ဆိုင်ရာ တွေနဲ့ ညှိနှိုင်း လုပ်ဆောင်ဖို့ လိုနေသေးတယ်လို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။