သက်ငယ် မုဒိမ်းမှု ပိုများလာနေ

  • 16 နိုဝင်ဘာ 2016
ဓာတ်ပုံ မူပိုင် AP
Image caption လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့် စော်ကားမှု တိုးလာနေ

ရဲတပ်ဖွဲ့ရဲ့ စာရင်း အရ ဒီနှစ် အစောပိုင်း ၁၀လအတွင်း ဖြစ်တဲ့ မုဒိမ်းမှုဟာ ပြီးခဲ့တဲ့၂၀၁၅ တနှစ်လုံးမှာ ဖြစ်ခဲ့တဲ့ မုဒိမ်းမှုပေါင်း ၈၀ဝကျော်ထက် ပိုများလာနေလို့ အများက စိုးရိမ်နေကြပါတယ်။

ဒီနှစ် ၂၀၁၆ခုနှစ် ၁၀ လပိုင်း အထိ မုဒိမ်းမှုတွေဖြစ်နေတဲ့ အထဲမှာ မနှစ်ကထက် သက်ငယ်မုဒိမ်းမှုတွေ ပိုများလာနေပါတယ်။

အခုလို များလာရတဲ့ အကြောင်းတွေထဲက တချက်ကတော့ ဥပဒေမှာ အသက် ကန့်သတ်ချက်ကို ၁၄နှစ်ကနေ ၁၆နှစ် အတွင်း အဓမ္မ ပြုကျင့်ခံရတဲ့ အခါ သက်ငယ် မုဒိမ်းမှုမြောက်တယ်လို့ သတ်မှတ်လိုက်တာကြောင့် အခုလို အရေအတွက် တိုးလာရတာလို့ ဒုရဲမှူးကြီး ရွှေသောင်းက ပြောပါတယ်။

အခုအခါ ဖေ့စ်ဘွတ်ခ် သုံးတာ လွန်ကဲလာတော့ ဖေ့စ်ဘွတ်ခ် ပေါ်ကနေ တွေ့ပြီး အဆက်အသွယ် လုပ် ၊ ချိန်းတဲ့ နေရာကို အလွယ်သွားရာကနေ အဖြစ်များလာတာလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဖုန်းရောင်းတဲ့ ဆိုင်တွေမှာ ဖုန်း Application တွေ ထည့်ပေးတဲ့ အထဲမှာ ညစ်ညမ်းတဲ့ App တွေ ပါပြီး တခါတလေ ကျတော့ အွန်လိုင်း ပေါ်ကနေ တယောက်နဲ့ တယောက် ချိတ်ဆက်မိရာက မုဒိမ်းမှု ဖြစ်ပွားတဲ့ အထိ အခြေအနေတွေ ဖန်တီးလာတယ်လို့ သူက ရှင်းပြပါတယ်။

သူ့အနေနဲ့တော့ မုဒိမ်းမှု ကျူးလွန်သူ တယောက်အတွက် အမြင့်ဆုံးအပြစ်ဒဏ်ဟာ ထောင်ဒဏ် နှစ် ၂၀ မို့ လုံလောက်တဲ့ ပြစ်ဒဏ်လို့ ယူဆကြောင်းလည်း ဒုရဲမှူးကြီးရွှေသောင်းက ပြောပါတယ်။

ဒါပေမယ့် သက်ငယ်မုဒိမ်းမှုတွေမှာ အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ သေဒဏ်က လွဲလို့ တခြား ပြစ်ဒဏ် မရှိသင့်ဘူးလို့ သင်္ကန်းကျွန်း လွတ်တော် ကိုယ်စားလှယ်ဟောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ဆိုပါတယ်။

ဦးသိန်းညွန့်ဟာ သက်ငယ်မုဒိမ်းမှုတွေမှာ သေဒဏ်ပေးဖို့ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ အဆိုတင်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ထုတ်ပြန်တဲ့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းရဲတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့စာရင်းအရ သက်ငယ်မုဒိမ်းမှုတွေဟာ မြှင့်တက်နေတာကြောင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေ တိုးမလာအောင် ပြစ်မှု ကျူးလွန်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးသင့်တယ်လို့ အကြံပေးမှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ